ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက အခက်အခဲပြဿနာတွေနဲ့ နေမာကို ပီအက်စ်ဂျီအသင်းမှာပဲ ဆက်လက်ရှိစေချင်တယ်လို့ သောကြာနေ့က တိုက်တွန်းပြောဆိုခဲ့ပါတယ်။
နေမာဟာ ပီအက်စ်ဂျီအသင်းအတွက် အဓိကကစားသမားတစ်ဦးဖြစ်တယ်လို့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ ရန်းနက်စ်နဲ့ ပြင်သစ်စူပါဖလားမတိုင်မီ ဘာပေက ပြောဆိုသွားပါတယ်။
"လူတိုင်းက သူ့ကို ချစ်ကြပြီး ကျနော်လည်း သူ့ကို သိပ်ပြီး ချစ်ခင်ပါတယ်။"လို့ ဘာပေက အသင်းဟောင်း ဘာစီလိုနာနဲ့ ပြန်လည်ချိတ်ဆက်နေတဲ့ နေမာကို ပြောပါတယ်။
"သူ့ကို အသင်းကနေ ထွက်မသွားစေချင်ပါဘူး။ ကျနော် သူ (နေမာ)အသင်းမှာပဲ ဆက်လက် ရှိနေစေချင်ပါတယ်။ သူ့ရဲ့ အခြေအနေနဲ့ပတ်သက်လို့ ခင်ဗျာ စဉ်းစားတဲ့အခါ သူဟာ အလွန်ကောင်းစွာ ကစားတယ်။ ပြီးတော့ သူဟာ အသင်းနဲ့ ဘာတွေပူးတွဲလုပ်ဆောင်နေဆိုတာ ခင်ဗျာသိနိုင်ပါတယ်။"
နေမာဟာ ဧပြီလက ပြင်သစ်ဖလားဆွတ်ခူးခဲ့တဲ့ ပွဲစဉ်မှာ ပရိသတ်တစ်ဦးနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့အပြီး (၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ရပါတယ်။ ဒါဟာ သူ့အတွက် ခက်ခဲတဲ့ လအနည်းငယ် ရှိခဲ့ပါတယ်။
နေမာဟာ ကာတာအသင်းနဲ့ ခြေစမ်းပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီးနောက် ဘရာဇီးလ်က အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲကိုပါ လွှဲချော်ခဲ့ရပြန်ပါတယ်။
ဒါ့အပြင် အသက် ၂၇ နှစ်အရွယ် နေမာဟာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဒါပေမယ့် သူကတော့ ဒါကို အပြင်းအထန် ငြင်းဆန်ခဲ့ပြီး တနင်္လာနေ့က ဘရာဇီးလ်ရဲတပ်ဖွဲ့ဘက်က ဒီအမှုဟာ သက်သေအထောက်အထား လုံလောက်မှု မရှိတာကြောင့် ပိတ်သိမ်းခဲ့ပါတယ်။
"သူဟာ အရင်က နေမာလို မပြောင်းလဲပဲရှိနေတဲ့ သူတစ်ဦးပါ။"လို့ ဘာပေက သောကြာနေ့က အသင်းနဲ့အတူ လေ့ကျင့်ခန်းပြုလုပ်ခဲ့တဲ့ နေမာကို ပြောပါတယ်။
"သူဟာ ကျနော်တို့နဲ့ လေ့ကျင့်ခန်းပြုလုပ်နေပြီး သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနေတုန်းပါ။ နောက်ဆုံးပြောရရင် သူဟာ အရမ်းကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။"
အမ်ဘာပေက သူ့အနေနဲ့ လာမယ့်ရာသီမှာ တိုးတက်လာဖို့ မျှော်လင့်ထားပြီး ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် အောင်မြင်မှု ရယူလိုတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
© Agence France-Presse