မက်ဆီဟာ ယခုနွေရာသီက ကိုပါအမေရိကဖလားပြိုင်ပွဲမှာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ “အကျင့်ပျက်ခြစား”တယ်ဆိုတဲ့ သူ့ရဲ့ ဝေဖန်ပြောဆိုမှုတွေအတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ (၁၅၀၀) ပေးဆောင်ဖို့ အဖွဲ့ချုပ်က ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် မက်ဆီဟာ ချီလီနဲ့ ပြိုင်ပွဲရဲ့ တတိယနေရာလုပွဲစဉ်မှာ ပြိုင်ဘက်အသင်းခေါင်းဆောင် မီဒယ်လ်နဲ့ ထိပ်တိုက်အတွေ့မှာ ပြဿနာတက်ခဲ့ကြပြီး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရမှုအတွက် နိုင်ငံတကာ ပွဲစဉ် တစ်ပွဲ ပွဲပယ်ပြစ်ဒဏ်ကို တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ချမှတ်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို အဖွဲ့ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်တွေ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် (၂၃)ရက်မှာ အတည်ပြုခဲ့ပြီး အခုပြစ်ဒဏ်တွေအတွက် အယူခံဝင်ခွင့်မရှိဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် ဘရာဇီးလ်အသင်းနဲ့ ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားအသင်းအပေါ် အငြင်းပွားဖွယ်ရာ အများအပြားရှိခဲ့တဲ့ VAR ဆုံးဖြတ်ချက်တွေ ရှိခဲ့ပြီး အဂူရိုကို ပင်နယ်တီ ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ခြင်းမရှိတာနဲ့ ပတ်သက်လို့ ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို မက်ဆီက ဝေဖန်ပြောဆိုခဲ့ပါတယ်။
"ဘာသံသယဖြစ်စရာ မရှိပါဘူး။ အရာအားလုံးဟာ ဘရာဇီးလ်အတွက် ကြိုတင် စီစဉ်ထားခဲ့ပြီးသားပါ။"လို့ မက်ဆီက ဝေဖန်ပြောဆိုခဲ့တာပါ။
"ဗိုလ်လုပွဲမှာ ပီရူးအသင်းအနေနဲ့ မျှမျှတတ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ပါတယ်။ VAR နဲ့ ဒိုင်လူကြီးတွေသာ ဘယ်အစိတ်အပိုင်းကမှ မပါခဲ့ရင်ပေါ့။ ဒါပေမယ့် ဒါဟာ ဖြစ်လာဖို့ ခက်ခဲတယ်လို့ မြင်ပါတယ်။
"ကျနော်ဟာ ဒီလိုအကျင့်ပျက်ခြစားမှုရဲ့အစိတ်အပိုင်းမျိုး မဖြစ်ချင်ပါဘူး။ ကိုပါအမေရိကပြိုင်ပွဲအတွင်း ကျနော်တို့ ခံစားရတဲ့ ဒီလိုတလေးတစားမရှိမှုမျိုးရဲ့ အစိတ်အပိုင်းမျိုးဖြစ်လာဖို့ မဖြစ်သင့်ပါဘူး။
"ကျနော်တို့ ပြိုင်ပွဲမှာ တဆင့်ပြီးတဆင့် တက်လာနိုင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ကို ဗိုလ်လုပွဲအထိတော့ ခွင့်မပြုခဲ့ဘူး။ အကျင့်ပျက်ခြစားမှုနဲ့ ဒိုင်လူကြီးတွေဟာ လူတွေကို ဘောလုံးရဲ့ ပျော်ရွှင်မှုတွေဆီကနေ တားမြစ်နေကြပါတယ်။"
အာဂျင်တီးနားအသင်းက ပြိုင်ပွဲမှာ တတိယဆုကို ရရှိခဲ့ပေမယ့် မက်ဆီကတော့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကို ဆန့်ကျင်ပြီး အခုအချိန်ထိ ရရှိခဲ့တဲ့ ဆုတံဆိပ်ကို လက်ခံခြင်း မရှိသေးဘူးလို့ သိရပါတယ်။
အဖွဲ့ချုပ်ကတော့ အခလို ဝေဖန်မှတ်ချက်စကားတွေ ပြောဆိုခဲ့တဲ့ မက်ဆီဟာ “လေးစားမှု ကင်းမဲ့ရာ ကျတယ်။”လို့ တုန့်ပြန်ခဲ့ပါတယ်။
Ref; Goal