ရန်ကုန်၊ ဇူလိုင်လ ၁၈ ။ ။ ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ဒုတိယအဆင့်ခြေစစ်ပွဲစဉ်များကို မဲခွဲခဲ့ရာ မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမည်ဖြစ်ကြောင်း မဲခွဲမှုရလဒ်များအရ သိရသည်။
ကာတာနိုင်ငံတွင်ကျင်းပမည် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဒုတိယအဆင့် ခြေစစ်ပွဲ နှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲများ၏ အုပ်စုမဲခွဲခြင်းအခမ်းအနားကို ဇူလိုင်လ ၁၇ ရက် ညနေပိုင်း က မလေးရှားနိုင်ငံ၊ ကွာလာလမ်မြို့တွင် အာရှဘောလုံးအဖွဲ့ချုပ်က မဲနှိုက်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာလက်ရွေးစင်အသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲတွင် အာရှအင်အားကြီး ဂျပန်အသင်း ၊ ကာဂျစ္စ တန်၊တာဂျစ်ကစ္စတန် ၊မွန်ဂိုလီယား တို့နှင့်အတူ အုပ်စု(စ)တွင်ကျရောက်နေပြီး ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်ပါက အာရှဖလားခြေစစ်ပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဒုတိယအဆင့်ခြေစစ်ပွဲကို အသင်း ၄၀ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၅ သင်း ရှစ်အုပ်စုခွဲက ကျင်းပသွားမည် ဖြစ်သည်။ ဒုတိယအဆင့် ခြေစစ်ပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၀ ပြည်နှစ် ဇွန်လအထိ ကျင်းပ သွားမည်ဖြစ်ပြီး ထိပ်ဆုံးရှစ်သင်းနှင့် အကောင်းဆုံးဒုတိယလေးသင်းသာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို တက်ရောက် ယှဉ်ပြိုင်ခွင့်ရမည်။
ကျန်ရှိသည့် ဒုတိယလေးနေရာ နှင့် အကောင်းဆုံးစတုတ္ထလေးနေရာ ၊အုပ်စုတတိယ ရှစ်သင်း စုစုပေါင်း၁၆ သင်းမှ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
မြန်မာလက်ရွေးစင်အသင်းအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားဒုတိယအဆင့်ခြေစစ်ပွဲ နှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ပြိုင်ပွဲကို လာမည့်စက်တင်ဘာလ ပထမ အပတ်တွင် စတင်ယှဉ်ပြိုင် ကစားရ မည်ဖြစ်သည်။
မြန်မာလက်ရွေး စင်အသင်းအနေဖြင့် ၁၉၆၈ ခုနှစ်က အာရှဖလားတစ်ကြိမ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ဒုတိယဆု ရရှိခဲ့သည်။