မြန်မာနိုင်ငံအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ အဆင့်ကျသွားခဲ့လို့ အမေရိကန်က ထောက်ပံ့နေတဲ့ ကျန်းမာရေးရန်ပုံငွေတချို့နဲ့အကူအညီတွေ ရပ်ဆိုင်းတော့မယ်လို့ USAID ရဲ့ စီမံချက်ဒါရိုက်တာက ပြောပါတယ်။
ဇူလိုင် ၁၃ ရက်က ရန်ကုန်မြို့မှာ USAID (The United States Agency for International Development) ရဲ့ စီမံချက်ဒါရိုက်တာ ထရီဆာမက်ဂီက ကျန်းမာရေးနဲ့ အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကို တွေ့ဆုံပြောခဲ့တာလို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ လူကုန်ကူးမှု အစီရင်ခံစာ ၂၀၁၈ နဲ့ ၂၀၁၉ မှာ အဆင့် ၃ နိုင်ငံတွေ အဆင့်ကိုကျဆင်းခဲ့တာကြောင့် USAID အဖွဲ့က မြန်မာအစိုးရအဖွဲ့အစည်းတွေကို တိုက်ရိုက်ပေးနေတဲ့အကူအညီတွေနဲ့ ထောက်ပံ့နေတဲ့ ရန်ပုံငွေတွေကို ရပ်ဆိုင်းတော့မယ်လို့ ပြောပါတယ်။
မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းနဲ့ Access to Health Fund ကိုထောက်ပံ့နေတာကိုလည်း ဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကျန်းမာရေးကဏ္ဍအကူအညီတွေ အထူးသဖြင့် HIV/ AIDS၊ တီဘီနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေ၊ ဆေးဝါးပစ္စည်းဝယ်ယူဖြန့်ဖြူးထောက်ပံ့မှုစနစ်ဆိုင်ရာ ကိစ္စရပ်တွေမှာ အရှိန်အဟုန်မပျက် ဆက်လက်ကူညီနိုင်ဖို့ USAID မစ်ရှင်အဖွဲ့ကနေ အမေရိကန် နိုင်ငံခြားရေးဌာနကို ညှိနှိုင်းတင်ပြခဲ့ရာမှာ သဘောတူညီခဲ့လို့ အဲဒါတွေကိုတော့ ဆက်ပေးမယ်လို့ ဆိုပါတယ်။
ဝန်ကြီးဒေါက်တာမြင့်ထွေးက “ရန်ပုံငွေလျော့နည်းသွားတာကို တခြားရန်ပုံငွေအရင်းအမြစ် တွေနဲ့ ဖြည့်ဆည်းနိုင်ပေမယ့် အမေရိကန်နိုင်ငံက ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပံ့ပိုးတာနဲ့ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စတွေမှာ ဆက်လက်ပံ့ပိုးပေးစေလိုတယ်”လို့ ပြောပါတယ်။
အထူးသဖြင့် အမေရိကန်နိုင်ငံ ရောဂါတိုက်ဖျက်ရေးဗဟိုဌာန အမျိုးသားကျန်းမာရေးဆိုင်ရာ သုတေသနဌာနကြီးနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါကြီးသုံးမျိုးတိုက်ဖျက်ရေး၊ ဆေးဝါးပစ္စည်းဝယ်ယူဖြန့်ဖြူးထောက်ပံ့ရေးနဲ့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးကိစ္စတွေမှာ အပြည့်အဝဆက်လက်ထောက်ပံ့မယ်ဆိုတာကို ဝမ်းမြောက်ပြီး ငှက်ဖျားရောဂါတိုက်ဖျက်ရေးမှာ ငှက်ဖျားခြင်သုတေသနနဲ့ ကာကွယ်ရေးလုပ်ငန်း တွေကို ဆက်လက် အားပေး ကူညီစေလိုတယ်လို့လည်း ပြောပါတယ်။
လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီးဌာနအနေနဲ့ ကျရာ ကဏ္ဍအလိုက် တာဝန်ကျေကျေပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနက ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်မှာ ထုတ်ပြန်တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီရင်ခံစာမှာ မြန်မာကို Tire3 အဆင့် ၃ အနိမ့်ဆုံးနိုင်ငံတွေစာရင်းမှာ သတ်မှတ်ဖော်ပြခဲ့ပါတယ်။
ဒီအဆင့်ဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုအတွက် လိုအပ်တဲ့ အနည်းဆုံး စံနှုန်းတွေကို မပြည့်မီဘူးလို့ ဆိုလိုတာ ဖြစ်ပြီး Tier 3 အဆင့်သတ်မှတ်ချက်ဟာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်နိုင်သလို အမေရိကန်နဲ့ နိုင်ငံတကာ အကူအညီတွေအကို အကန့်အသတ်နဲ့သာ ရရှိနိုင်မှာ ဖြစ်ပါတယ်။