ဇူလိုင် ၁၁ ။ ။ ပါကစ္စတန်နိုင်ငံ အလယ်ပိုင်းမှာ ဇူလိုင် ၁၁ ရက် မနက်အစောပိုင်းက မီးရထားနှစ်စင်း တိုက်မိမှုဖြစ်ပွား၍ အနည်းဆုံး လူကိုးဦး သေဆုံးကာ အခြားလူပေါင်း ၆၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယင်း ရထားတိုက်မှုဖြစ်စဉ်ကတော့ ပန်ဂျပ်ဘ် ပြည်နယ် ရာဟင်မ် ယာခန် ဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့ကနေ ခုတ်မောင်းလာတဲ့ ခရီးသည်တင်ရထားတစ်စင်းက ရပ်ထားတဲ့ ကုန်ရထားတစ်စင်းကို ဝင်တိုက်မိခဲ့တာဖြစ်ကြောင်း အကြီးတန်းအစိုးရအရာရှိကြီးတစ်ဦးက ပြောပါတယ်။
“ အနည်းဆုံးတော့ ရုပ်အလောင်း ကိုးလောင်းကို ဆွဲထုတ်ပြီးပါပြီ၊ အခြား ခရီးသည် သုံးလေးဦးကလည်း အခြေအနေ စိုးရိမ်နေရပါတယ်” လို့ ဒေသရဲတပ်ဖွဲ့ ရဲအရာရှိ အိုမာ ဆယ်လ်မက်က ပြောပါတယ်။
ဖြစ်စဉ်မှာ ဒဏ်ရာရရှိသွားတဲ့ ခရီးသည် ၆၆ ဦးကို နီးစပ်ရာ ဆေးရုံတွေဆီ တင်ပို့ပေးထားကြောင်း ၎င်းက ထပ်လောင်း ပြောသွားပါတယ်။
အကျင့်ပျက်ခြစားမှု၊ စီမံခန့်ခွဲမှုပိုင်းမှားယွင်းမှုနဲ့ ရင်းနှီးမြုှပ်နှံမှု မရှိခြင်းတို့ကြောင့် ပါကစ္စတန်က မီးရထားလမ်းပိုင်းတွေရဲ့ ကြံ့ခိုင်မှုပိုင်းမှာတော့ ယိုယွင်းမှုတွေ ရှိနေပြီး ခုလို ရထားမတော်တဆမှုတွေကလည်း ပုံမှန်လိုလို ဖြစ်နေလျက် ရှိပါတယ်။