ဇူလိုင် ၇ ။ ။ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ စျေးဝယ်စင်တာတစ်ခုတွင် ဇူလိုင် ၆ ရက်က ဓာတ်ငွေ့ယိုစိတ်မှုတစ်ခုကြောင့် ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပြီး လူ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယင်း ပေါက်ကွဲမှုဖြစ်ပြီး ယင်းစျေးဝယ်စင်တာ ကားပါကင်တွင် အပျက်အစီးအစိတ်အပိုင်း လွင့်စင်ပြန့်ကြဲနေသည်ကို တွေ့ခဲ့ရပြီး ကျန်းမာရေးလေ့ကျင့်မှု အားကစားရုံတစ်ခု အပါအဝင် ကားအများအပြား ထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။
မီယာမီမြို့မှ မြောက်ဘက် မိုင် ၃၀ အကွာခန့်ရှိ ပလန့်တေးရှင်းမြို့ စျေးဝယ်စင်တာတွင် ဖြစ်ခဲ့သည့် ယင်း ပေါက်ကွဲမှုကြောင့် အနီးအနား အဆောက်အအုံများကိုလည်း ပျက်စီးစေခဲ့ကြောင်း သိရသည်။
“ ဒီကို လေ့ကျင့်ခန်း လုပ်ဖို့ လာခဲ့တာပါ၊ ပေါက်ကွဲသံကြားတာနဲ့ ကလေးတွေကို ကပျာကယာ ဆွဲခေါ်ပြီး အပြင်ထွက် ကားမောင်းပြေးခဲ့ရပါတယ်၊ တအား ကြောက်ဖို့ ကောင်းပါတယ်” ဟု ယင်းပေါက်ကွဲမှုကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးဖြစ်သည့် ဂျက်စီ ၀ါလာရှက်ခ်က ပြောသည်။
ဒဏ်ရာရသွားသူများအနက် နှစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး ၎င်းနှစ်ဦးအနက် တစ်ဦးမှာ လက်ရှိတွင် အသက်အန္တရာယ်ပင် စိုးရိမ်နေရကြောင်း မီးသတ်ဌာန ဒုတိယအကြီးအကဲ ဂျိုးလ် ဂေါ်ဒင်က ပြောသည်။
ကနဦး စစ်ဆေးမှုများအရ ယင်းကို ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခုအဖြစ် ယူဆထားပြီး ဆက်လက်စစ်ဆေးနေလျက်ရှိကြောင်း မီးသတ်ဌာနက ပြောသည်။