လျှပ်စစ်/စွမ်းအင် ဝန်ကြီး နှလုံးရောဂါကြောင့် ဆေးခွင့်ဖြင့် နားနေ

လျှပ်စစ်/စွမ်းအင် ဝန်ကြီး နှလုံးရောဂါကြောင့် ဆေးခွင့်ဖြင့် နားနေ

နေပြည်တော်(ဇွန်လ ၂၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ အသက်(၆၉)နှစ်အရွယ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် နှလုံးသွေးကြောချဲ့ကိရိယာ(Stent) တပ်ဆင်ထားရသဖြင့် လတ်တလောတွင် ဆေးခွင့်ဖြင့် အနားယူနေရကြောင်း စုံစမ်း သိရှိရသည်။

လက်ရှိတွင် ဦးဝင်းခိုင်သည် ဆရာဝန်၏ ညွှန်ကြားချက်အရ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ နေအိမ်တွင် အနားယူနေပြီး ရုံးမတက်သည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့် ရှိပြီ ဖြစ်သည်။

“အသက်ကြီးလာရင် ဖြစ်တတ်တဲ့ နှလုံးသွေးကြော ကျဉ်းတာလား၊ ပိတ်တာလား မသိဘူး။ Stent ထည့်တာ။ သူများတွေ ဆိုရင်တော့ လက်မှာတင်ထည့်တာ။ သူကတော့ Operation(ခွဲစိတ်ကုသမှု) လုပ်ပြီး ထည့်လိုက်ရတယ်လို့ ကြားတယ်။ အဲ့(ဒီ)အတွက် အနားယူတာပါ” ဟု ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်ဖြစ်သူ ဦးနေမျိုးထက်က ပြောသည်။

ဝန်ကြီး ဦးဝင်းခိုင် အနေဖြင့် ဆေးခွင့်ဖြင့် အနားယူနေသော်လည်း ဌာန၏ အလုပ်များကို ဆက်လက်လုပ်ကိုင်နေသည်ဟုလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဦးဌေးအောင်က မဇ္ဈိမကို အတည်ပြုသည်။

“ရုံးမတက်ပေမယ့် အလုပ်တွေလုပ်တယ်။ ကျွန်တော်တို့နဲ့ တောက်လျှောက် အလုပ်တွေ လုပ်နေတာ။ ရုံးမတက်တာပဲ ရှိတယ်။ ခဏ ဆရာဝန်က နားပါဆိုလို့ အိမ်မှာ နားနေတာ။ သူက မနားချင်ဘူး။ သူက တအား အလုပ်လုပ်တာ” ဟု ဦးဌေးအောင်က ရှင်းပြသည်။

ဦးဝင်းခိုင်သည် NLD အစိုးရလက်ထက် ဝန်ကြီးဌာန နှစ်ခုတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်တိုက် တာဝန်ထမ်းဆောင်ရသည့် တစ်ဦးတည်းသော ဝန်ကြီးလည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော ၂၀၁၆ခုနှစ်အတွင်းက ဆောက်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်း ခံရပြီးနောက် ထိုစဉ် သမ္မတ ဦးထင်ကျော်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး၊ ဦးဝင်းခိုင်သည် လက်ရှိတွင် ဆေးခွင့်ဖြင့် အနားယူနေခြင်းသာဖြစ်ပြီး အပြီးသတ် အနားယူမည် မဟုတ်ကြောင်းလည်း ဦးဌေးအောင်က ပြောကြားသည်။

“လုံးဝ မဟုတ်ပါဘူးဗျ။ ဒီအတိုင်းပဲ ဆေးနား နားနေတာ။ အသက်ကြီးတော့ ဆေးခွင့်နဲ့ နားတာပေါ့ဗျာ။ ဒီလောက်ပါပဲ။ ဘာမှ ကျန်တာ ထွေလီကာလီ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူစဉ် ၂၀၁၆ခုနှစ်၊ ဧပြီလ ၃ဝရက်က လမ်းအရည်အသွေးနှင့် ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာတွင် လမ်းတစ်လမ်းလျှင် ငါးနှစ်မခံပါက တာဝန်ယူတည်ဆောက်သည့် အင်ဂျင်နီယာကို ထောင်ထဲပို့မည်ဟု ပြောကြားချက်ကြောင့် ဦးဝင်းခိုင်ကို လူသိများခဲ့သည်။

“ ဒီအစိုးရတက်ပြီးနောက်ပိုင်း လမ်းတစ်လမ်းဟာ ငါးနှစ်မှမခံရင် အဲ့ဒီအင်ဂျင်နီယာကို ထောင်ထဲ ပို့ပစ်လိုက်မယ်” ဟု ဦးဝင်းခိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်ဝန်ကြီးဌာနတွင် ဦးဝင်းခိုင်၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍  “သူ့စွမ်းဆောင်ရည်ကတော့ ကျွန်တော်တို့က သဘောကျပါတယ်။ လုပ်နိုင်ပါတယ်။ အခုဟာက Project(စီမံကိန်း) တွေ ဆိုတာက နှစ်နှစ်၊ သုံးနှစ်နေမှ ခံစားရမယ့် အသီးအပွင့်တွေ ဖြစ်နေတယ်လေ” ဟု လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်ပြီး လွှတ်တော်တွင် မကြာခန ထောက်ပြလေ့ရှိသည့် ကျောက်တံတားမြို့နယ်အမတ် ဦးနေမျိုးထက်က မှတ်ချက်ပြုသည်။

လက်ရှိတွင် ဝန်ကြီး အနားယူနေသည့်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဦးဆောင်ပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly