ဟနွိုင်း၊ ဇွန် ၁၄ ။ ။ ဗီယက်နမ်ရဲ့ ပြည်တွင်းဖြစ် ကားထုတ်လုပ်ရေးကုမ္ပဏီ VinFast က ၎င်းရဲ့ ပထမဆုံးထုတ် ကားတွေကို ဇွန် ၁၇ ရက်မှာ စျေးကွက်တင်တော့မှာ ဖြစ်ပါတယ်။
အာရှရဲ့ အလျင်မြန် ဖွံ့ဖြိုးနေတဲ့ စီးပွားရေး တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ ပြည်တွင်း ကားထုတ်လုပ်ရေးကုမ္ပဏီ VinFast က ကားစက်ရုံတစ်ရုံကို မိတ်ဆက်ပြသရင်း ဇွန် ၁၄ ရက်မှာ ကြေညာလာတာ ဖြစ်ပါတယ်။
အလယ်အလတ်တန်းစား လူဦးရေ ကြီးထွားလာပြီး ကားဝယ်လိုအား များလာတာကြောင့် ပြည်တွင်းကားစျေးကွက် ကြီးမားကျယ်ပြန့်လာတာကို စျေးကွက်ဖြည့်ဆည်းပေးမှာ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ဒါပေမယ့် VinFast ကုမ္ပဏီအနေနဲ့ စျေးကွက်ခိုင်မာစွာ ခြေကုပ်ယူထားပြီးဖြစ်တဲ့ Toyota နဲ့ Ford ကားတွေနဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
VinFast ကားထုတ်လုပ်ရေးကုမ္ပဏီဟာ ဗီယက်နမ်က အကြီးဆုံး ပုဂ္ဂလိကလုပ်ငန်းစုကြီးဖြစ်တဲ့ Vingroup ရဲ့ လက်တက်တစ်ခုဖြစ်ပါတယ်။
စိတ်ဝင်စား အားကျဖွယ် ကောင်းတာက အဲဒီ Vingroup လုပ်ငန်းကြီးကို နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးက ပိုင်ဆိုင်တာပါ။ အဲဒီ ဗီယက်နမ်သူဌေးကြီးဟာ မီဒီယာနဲ့ တွေ့ဆုံဖို့ ရှက်ရွံ့တတ်သူဖြစ်ပြီး သူရဲ့ စီးပွားရေးအစပျိုး ခြေလှမ်းအစဟာ ယူကရိန်းမှာ ခေါက်ဆွဲခြောက် ရောင်းခဲ့ရတာနဲ့ အစပြုခဲ့သူလို့ သိရပါတယ်။
“နာရီပိုင်းတော့ပဲ လိုပါတော့တယ်။ ဗီယက်နမ်နိုင်ငံက လမ်းတွေမှာ ပထမဆုံး ဗီယက်နမ်ထုတ် ကားတွေ ဘီးတွေ စလိမ့်တော့ဖို့ ရှိနေပါပြီ။”ဆိုပြီး Vingroup ရဲ့ ညွှန်ကြားရေးမှူးချုပ် ငုယင်ဗီယက်က ပြောပါတယ်။
အခု မော်တော်ကားတွေဟာ တကယ့် နာမည်ကြီး ဂျပန်နဲ့ ဂျာမနီက ကားတွေနဲ့ အပြိုင် ရင်ဘောင်တန်းလာမယ်လို့ မျှော်လင့်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဟုယန့်ဖူးက ပြောပါတယ်။
“ဗီယက်နမ်ဟာ ကမ္ဘာက လုပ်နိုင်သမျှ ကိုယ်ပိုင် လုပ်နိုင်စွမ်း ရှိတယ်။”လို့ ငုယင်ဟုယန့်ဖူးက ပြောခဲ့ပါတယ်။