ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးသစ် လူကာဂျိုဗစ်က သူဟာ "ကမ္ဘာပေါ်က အပျော်ရွှင်ဆုံးကလေးတစ်ယောက်"ဖြစ်တယ်လို့ ဘာနေဗျူးမှာ ကြိုဆိုမိတ်ဆက်ပွဲမှာ ပြောဆိုသွားပါတယ်။
အသက် (၂၁)နှစ်အရွယ် ဆာဘီးယားကစားသမားဟာ ပြီးခဲ့တဲ့တစ်ပတ်က ဖရန့်ဖတ်အသင်းမှ ရီးယဲလ်အသင်းကို ပေါင်သန်း (၆၀)နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက သူဟာ ဂျာမန်ကလပ်အတွက် (၄၈)ပွဲကစားပေးရာမှာ (၂၇)ဂိုး သွင်းယူခဲ့ပါတယ်။
ဂျိုဗစ်ဟာ ဖရန့်ဖတ်အသင်းနဲ့အတူ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ရာမှာ သွင်းဂိုး (၁၀)အထိ သွင်းယူခဲ့ပြီး UEFA ရဲ့ ယူပါလိဂ်အကောင်းဆုံးအသင်းထဲမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။
"အခုဆိုရင် ကျနော်ဟာ အကြီးမားဆုံးကလပ်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးတဲ့ ကမ္ဘာပေါ်က အပျော်ရွှင်ဆုံးကလေးတစ်ယောက်ဖြစ်ပါတယ်။"လို့ သူက ပြောပါတယ်။ "ရီးယဲလ်အသင်းကို နောက်ထပ် ဆုဖလားတွေနဲ့ ချန်ပီယံဆုတွေ ရယူပေးဖို့ အရာအားလုံး ပေးဆပ်ပြီး ကူညီသွားမှာပါ။"
- လိုင်ယွန်မှ မန်ဒီကို ပေါင် (၄၇)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်
- ချယ်လ်ဆီးရဲ့ ဟာဇက်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိတဲ့ ရီးယဲလ်မက်ဒရစ်၊ အသင်းသမိုင်းတစ်လျှောက် စျေးအကြီးဆုံးကစားသမားဖြစ်လာတဲ့ ဟာဇက်
- ပေါ်တိုအသင်းမှ ဘရာဇီးလ်နောက်ခံလူ မီလီတာအိုကို ရီးယဲလ်အသင်း ၆ နှစ် စာချုပ်ဖြင့် ခေါ်ယူ
ရစ်စတားဘဲဂရိတ်အသင်းနဲ့ ဘင်ဖီကာကစားသမားဟောင်း ဂျိုဗစ်ဟာ ပေါ်တူဂီနဲ့ ဆာဘီးယားလိဂ်တွေမှာ အမှတ်ပေးချန်ပီယံဖလားဆွတ်ခူးခဲ့ပြီး ဖရန့်ဖတ်အသင်းနဲ့ ဂျာမန်ဖလားကို ရရှိခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ လာမယ့်ရာာသီအတွက် ကစားသမား (၅)ဦးအထိ ဝယ်ယူထားပြီးဖြစ်ပါတယ်။ အီဒင်ဟာဇက်၊ အီဒါ မီလီတို၊ ရိုဒရီဂို၊ မန်ဒီနဲ့ လူကာဂျိုဗစ်တို့ကို ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။
Ref; BBC