မြိတ်၊ ဇွန် (၅) ။ ။ မြိတ်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားကို ကျင်းပခဲ့ပြီး လူငယ်များမှ တီထွင်ဖန်တီး ထားသော တစ်ခါသုံး စွန့်ပစ် ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်သော နည်းပညာများအား ပြခန်းများအဖြစ် ပြသခဲ့သည်။
ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သောကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားကို မြိတ်မြို့၊ အထက် ရေပုံးရပ်ကွက်၊ စပါးရွှေဝါလမ်းမကြီးရှိ မြင့်မိုရ်ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ဒီအခမ်းအနား လုပ်ဖြစ်တာက ဆရာတို့ ကျောင်းမှာ ၂ ကြိမ်ရှိပါပြီ၊ ဒီနှစ်ကတော့ ဌာနနဲ့ ပူးပေါင်းပြီး လုပ်ဖြစ် ပါတယ်”ဟု မြင့်မိုရ်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ ဦးခင်မောင်ထွေးက ပြောဆိုသည်။
အဆိုပါ အထိမ်းအမှတ်နေ့ ပြခန်းများတွင် ပလတ်စတစ်၊ ရေသန့်ဘူး၊ စွန့်ပစ်ပစ္စည်းတို့ကို လူသုံးကုန် ပစ္စည်းများ အဖြစ် ပြန်လည်အသုံးပြုနိုင်ပုံကို ပြခန်းများဖြင့် ပြသထားကြောင်း သိရ သည်။
“သမီးတို့ ကျောင်း တစ်နှစ်ပြီးသွားတဲ့ အထဲကမှ အသုံးမလိုတော့တဲ့ ဗလာစာအုပ် အလွှတ်တွေကို စုပြီး၊ မှတ်စု စာအုပ်နဲ့ ပုံပြင် စာအုပ်လေးတွေ ပြုလုပ်ပြသထားပါတယ်”လို့ ကျောင်းသူ မပြည့်ဖူးရှင်က ပြောသည်။
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို လူငယ်လူရွယ်များ ကျောင်းသူကျောင်းသားများက တန်ဖိုးထား သိတတ်စေရန်အတွက် အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်း စာစောင်များ ဝေငှခြင်း၊ ပညာပေး အစီအစဉ်များဖြင့် ပြခန်းများပြသခြင်းကို ပြုလုပ်ခဲ့သည်။