၀ါရှင်တန်၊ ဇွန် ၁ ။ ။ အမေရိကန်၊ ဗာဂျီးနီးယားပြည်နယ်က အစိုးရဌာန အဆောက်အအုံတစ်ခုမှာ ဝန်ထမ်းတစ်ဦးက သေနတ်နဲ့ ထင်ရာစိုင်း ပစ်ခတ်တာကြောင့် လူ ၁၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ခြောက်ဦး ရှိကြောင်း ရဲက ပြောပါတယ်။
နိုင်ငံအတွက် တုန်လှုပ်ခြောက်ခြားစရာ ဖြစ်ရတဲ့ လူအုပ်စုလိုက်ကို ထင်ရာစိုင်း ပစ်ခတ်မှုဟာ မေ ၃၁ ရက်က ဖြစ်ပွားတာဖြစ်ပါတယ်။
သေနတ်သမားနဲ့ တာဝန်ရှိသူတွေ အပြန်အလှန် ပစ်ခတ်ပြီး သေနတ်သမားကို ပစ်သတ်ရှင််းလင်းလိုက်ရကြောင်း ရဲချုပ် ဂျိမ်းကာဗာရာက သတင်းစာရှင််းလင်းပွဲမှာ ပြောပါတယ်။
ရဲချုပ် ဂျိမ်းကာဗာရာက “ပစ်ခတ်မှုဖြစ်ရာမှာတင် သေဆုံးသူက ၁၁ ဦး ရှိပါတယ်။ ဒဏ်ရာရသူ ခြောက်ဦးကို အနီးဝန်းကျင် ဆေးရုံတွေမှာ တင်ထားကုသပေးထားပါတယ်။”လို့ ပြောပါတယ်။
ပစ်ခတ်မှုဟာ ဒေသစံတော်ချိန် ညနေ လေးနာရီဝန်းကျင်မှာ ဖြစ်ပွားတာဖြစ်ပြီး သေနတ်သမားဟာ ဗာဂျီးနီးယားကမ်းခြေစည်ပင်သာယာရေး ရုံးဝင်းထဲက အဆောက်အအုံတစ်ခုထဲ ဝင်လာပြီး ပစ်ခတ်တာပါ။
“သူဟာ အဲဒီ အဆောက်အအုံထဲ ဝင်ဝင်ချင်းမှာပဲ ပစ်ခတ်တော့တာပါ။ ထင်ရာစိုင်းပြီး မဲမဲမြင်ရာ ပစ်တော့တာပဲ။”လို့ ဂျိမ်းကာဗာရာက ဆိုပါတယ်။
ဒါပေမယ့် သေနတ်သမားဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းတော့ ရဲချုပ် ဂျိမ်းကာဗာရာက မပြောဘဲ ဒီသေနတ်သမားဟာ ၀ါရင့် အစိုးရဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။
ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ကို သတင်းအစီရင်ခံထားပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ အိမ်ဖြူတော်က ပြောထားပါတယ်။