မေ ၃၀ ။ ။ မက္ကဆီကိုနိုင်ငံ အရှေ့ပိုင်းမှာ ဘုရားဖူးခရီးသည်တွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီးနဲ့ ကုန်တင် ထရပ်ကားတစ်စီးတို့ မေလ ၂၉ ရက်က တိုက်မိပြီး မီးလောင်မှုဖြစ်ခဲ့လို့ လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ယင်း ယာဉ်မတော်တဆမှု ဖြစ်စဉ်မှာ ဒဏ်ရာရရှိသူ အယောက် ၃၀ ခန့် ရှိခဲ့ပါတယ်။
ယခု ဖြစ်စဉ်မှာ သေဆုံးသွားသူတွေကတော့ နိုင်ငံတောင်ပိုင်း ချီယာပတ်စ်ပြည်နယ်ကနေ လာတဲ့ ဘုရားဖူးတွေ ဖြစ်ကြပြီး ၎င်းတို့ဟာ မက္ကဆီကိုစီးတီးကို ဘုရားဖူးဝတ်ပြုဆုတောင်းဖို့ သွားရောက်ပြီး အပြန်ခရီးစဉ်မှာ ယခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့တာဖြစ်ကြောင်း ဗီရာခရုဇ် ပြည်နယ် အရပ်ဘက် ကာကွယ်စောင့်ရှောက်ရေးဌာန အကြီးအကဲ ဂွါဒယ်လု အိုဆော်နာက ပြောပါတယ်။
“ မှုခင်း ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေက ဘတ်စ်ကားပေါ်ပါ ခရီးသည်တွေရဲ့ ရုပ်အလောင်း ၁၇ လောင်းနဲ့ ကုန်တင်ကားပေါ်က ရုပ်အလောင်း နှစ်လောင်းတို့ကို တွေ့ရှိစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်” လို့ သူမက ထပ်လောင်းပြောသွားပါတယ်။
ယင်း ယာဉ်မတော်တဆမှုမှာ ပါဝင်ခဲ့သူ တစ်ယောက်လည်း ဆေးရုံ ရောက်ချိန်မှာ သေဆုံးသွားကြောင်း၊ အခြား တစ်ဦးလည်း ဒဏ်ရာအပြင်းအထန်နဲ့ သေဆုံးသွားကြောင်း သူမက ပြောသွားပါတယ်။
ယခု ဖြစ်စဉ်ကတော့ မော်ထရာတာလို့ ခေါ်ဆိုတဲ့ ဒေသတစ်ခုက အမြန်လမ်းပေါ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။