မေ ၂၉ ။ ။ နိုင်ငံဆီ တင်သွင်းထားခဲ့တဲ့ ပလတ်စတစ်အမှိုက် တန်ချိန်ပေါင်းများစွာကို ယင်းတို့ရဲ့ မူလဇစ်မြစ် နိုင်ငံတွေဆီ ပြန်လည် ပို့ဆောင်သွားတော့မှာဖြစ်ကြောင်း မလေးရှားအစိုးရက ပြောပါတယ်။
၎င်းတို့နိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ထွက်ရှိတဲ့ အမှိုက်တွေကို စုပုံလက်ခံရာ နေရာတစ်ခု မဖြစ်ချင်ဘူးလို့လည်း မလေးရှား အာဏာပိုင်တို့က ပြောကြားပါတယ်။
ယခုအခါမှာတော့ နိုင်ငံမှာ ရောက်နေတဲ့ ပလတ်စတစ် အမှိုက် တန်ချိန်ပေါင်း ၃,၀၀၀ ကျော်ကို ယင်းတို့ရဲ့ မူလနိုင်ငံတွေဆီ ပြန်ပို့ဆောင်သွားမယ်ဆိုတာကို မေလ ၂၈ ရက်က မလေးရှား သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး မစ္စ ယီအို ဘီယင် က ပြောပါတယ်။
တစ်ချိန်တည်းမှာလည်းပဲ ခုလို ပလတ်စတစ်အမှိုက်တွေ နိုင်ငံထဲကို တရားမဝင် တင်သွင်းခဲ့သူတွေဟာလည်း သစ္စာဖောက်တွေဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသွားပါတယ်။
နိုင်ငံတွင်းကို တရားမဝင် တင်သွင်းထားတဲ့ အမှိုက် ကွန်တိန်နာပေါင်း ၆၀ ကို မူလ နိုင်ငံတွေဆီ ပြန်လည် တင်ပို့မှာ ဖြစ်ကြောင်း သူမက ပြောသွားပါတယ်။
ခုလို မလေးရှားကနေ ပလတ်စတစ်အမှိုက်တွေကို ပြန်လည်တင်ပို့မယ့် နိုင်ငံတွေထဲမှာ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျတို့လို နိုင်ငံတွေလည်း ပါဝင်နေလျက် ရှိပါတယ်။
ဒါဟာ ပလတ်စတစ်အမှိုက် တင်သွင်းမှုကို တရုတ်က ပိတ်ပင်ပြီးနောက်ပိုင်း ယမန်နှစ်ကစလို့ မလေးရှားဟာ ကမ္ဘာ့နိုင်ငံအသီးသီးက ပလတ်စတစ် အမှိုက်တွေ စုပြုံရောက်ရှိရာ နေရာတစ်ခု ဖြစ်လာခဲ့တာဖြစ်ပါတယ်။