မေ ၁၉ ။ ။ သစ်သီးဖျော်ရည်များကို အလွန်အကျွံ သောက်သုံးခြင်းက သင့်ကျန်းမာရေးအတွက် အတိုင်းအတာတစ်ခုအထိ ဘေးဖြစ်စေနိုင်ပြီး ယင်းက ကိုလာ သို့မဟုတ် သံပုရာ၊ ရှောက်ဖျော်ရည် သောက်သကဲ့သို့ အချိန်မတိုင်ခင် စောစီးစွာ သေဆုံးနိုင်စေဖွယ် ရှိကြောင်း သုတေသန လေ့လာချက်တစ်ခုတွင် ဖော်ပြထားသည်။
သကြားပါဝင်သော သောက်သုံးစရာများကို အလွန်အကျွံ အများအပြား သောက်သုံးနေသူများအတွက် အချိန်မတိုင်ခင် စောစော သေဆုံးနိုင်ခြေ နှုန်း မြင့်တက်နေလျက် ရှိကြောင်း လေ့လာချက်သစ်တစ်ခုက တွေ့ရှိထားသည်။
အမေရိကန် သုတေသီများအနေဖြင့် ၁၀၀ ရာခိုင်နှုန်း သစ်သီးဖျော်ရည်များကို ကိုလာ သို့မဟုတ် လင်မနစ် ကဲ့သို့ သကြားပါဝင်ပြီး အချို အရသာရှိ ဖျော်ရည်များနှင့် ပထမဆုံးအကြိမ် နှိုင်းယှဉ်ကြည့်ခဲ့ကြသည်။
ယင်းနောက် သစ်သီးဖျော်ရည်များ ရော သကြားပါ သောက်သုံးစရာများရော နှစ်ခုစလုံးဟာ စောစီးစွာ သေဆုံးနိုင်ခြေ များသော အန္တရာယ်နှင့် အလားတူ ပတ်သက်ဆက်နွယ်နေသည်ကို တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။ သို့ရာတွင်လည်း ယင်းအတွက် နောက်ထပ် လေ့လာချက်များ ထပ်မံ လုပ်ဆောင်ရန် လိုနေသေးသည်ဟု သိရသည်။
Emory နှင့် Cornell တို့မှ သုတေသီတို့က လေ့လာခဲ့ရာတွင် ဆိုဒါကို အလွန်အကျွံ သောက်သုုံးခြင်းက စောလျင်စွာ သေဆုံးနိုင်ခြေနှုန်းကို ၁၁ ရာခိုင်နှုန်း ပိုမြင့်တက်စေနိုင်ကြောင်း ပြောထားသည်။
အလားတူ သစ်သီးဖျော်ရည်များကို အလွန်အကျွံ သောက်သုုံးခြင်းက စောလျင်စွာ သေဆုံးနိုင်ခြေကို ၂၄ ရာခိုင်နှုန်း ပိုတိုးစေနိုင်ကြောင်း ၎င်းတို့က ပြောသွားသည်။
ယခု လေ့လာချက်သည် အရေးပါသည် ဆိုပေမယ့်လည်း တစ်နေ့လျင် သစ်သီးဖျော်ရည် ၁၅၀ မီလီလီတာ တစ်ခွက်တည်း သောက်သုံးရုံဖြင့် ဘေးမဖြစ်နိုင်ကြောင်း ပညာရှင်တစ်ဦးကလည်း ပြောသွားသည်။