မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ လိဂ်မန်နေဂျာများရဲ့ အဖွဲ့အစည်းက ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ယာဂန် ကလော့ပ်အား ကျော်ဖြတ်ပြီး (၂)နှစ်ဆက် ဆွတ်ခူးရရှိခဲ့ပါတယ်။
ဂွာဒီယိုလာရဲ့ စီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုပြိုင်ပွဲမှာလည်း ကလော့ပ်ရဲ့ လီဗာပူးလ်ကို ရမှတ် (၁)မှတ်အသာနဲ့ ကျော်ဖြတ်ပြီး တနင်္ဂနွေနေ့က အမှတ်ပေးချန်ပီယံဆုကြီးကို ကာကွယ်နိုင်ခဲ့ပါတယ်။
ဒီရာသီမှာ လိဂ်ဖလားကိုလည်း အစောပိုင်းက သိမ်းပိုက်ရယူခဲ့သည့်တိုင်အောင် ဂွာဒီယိုလာအသင်းဟာ စနေနေ့မှာ ဝင်ဘာလေကွင်းမှာ ဝက်ဖို့ဒ်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိပါတယ်။
အကယ်၍ အက်ဖ်အေဖလားကိုသာ ဆက်လက်သိမ်းပိုက်မယ်ဆိုရင် အင်္ဂလိပ်ဘောလုံးလောကမှာ ပြည်တွင်းဖလား (၃)လုံးစလုံး တစ်ပြိုင်နက်ထဲ ရယူတဲ့ ပထမဆုံးအသင်းဖြစ်လာမှာဖြစ်သလို ပထမဆုံးနည်းပြလည်းဖြစ်လာမှာပါ။
ဂွာဒီယိုလာဟာ ၂၀၁၉ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုအတွက် ကလော့ပ်၊ စပါးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ပိုချက်တီနိုနဲ့ ဝုဗ်အသင်းကို ပထမဆုံးရာသီမှာ အမှတ်ပေးဇယား အဆင့် ၇ မှာ ရပ်တည်အောင် ဦးဆောင်ပေးခဲ့တဲ့ ဆန်တိုတို့ကို ကျော်ဖြတ်ပြီး မဲအများဆုံးရရှိခဲ့တာဖြစ်ပါတယ်။
၂၀၁၉ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုများ
အကောင်းဆုံးဘောလုံးသမား - ဗန်ဒိုက်
ရွှေလက်အိတ်ဆုရှင် - အလီဆွန်
ရွှေဖိနပ်ဆုရှင် - မာနေး၊ ဆာလတ်၊ အူဘာမီးယန်း
အကောင်းဆုံး ဖန်တီးရှင် - ဟာဇက်
အကောင်းဆုံးနည်းပြ - ဂွာဒီယိုလာ
(AFP)