ရန်ကုန်၊ မေ ၁၀ ။ ။ မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးရရှိမှုနှုန်းမှာ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းအောက်သာရှိနေသေးသောကြောင့် အခြေအနေပေါ်မူတည်ကာ မီးပေးနေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၉ရက်နေ့က မကွေးမြို့နယ်ခန်းမ၌ မကွေးဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ထိုသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ လျှပ်စစ်မီးရရှိရေးက ကျွန်မတို့ဖြစ်စေချင်သလောက် မဖြစ်သေးပါဘူး။ ကျွန်မတို့တစ်နိုင်ငံလုံးမှာ လျှပ်စစ် မီးကို လိုအပ်နေပါတယ်။ ဘယ်တွေကို အရင်ဦးစားပေးပြီး ပေးရမလဲဆိုတာ ဆုံးဖြတ်ရပါတယ်။ တစ်တိုင်းပြည် လုံးကို တစ်ပြိုင်တည်းပေးလို့မရပါဘူး။ နည်းပညာ အခြေအနေ၊ အလုပ်အခြေအနေ၊ ငွေရေးကြေးရေး အခြေ အနေတွေအပေါ်မှာ အများကြီးမူတည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
မြန်မာနိုင်ငံတွင် ယခင် ၂၀၁၈ ခုနှစ်က လျှပ်စစ်မီးလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းလောက်သာရှိခဲ့သော်လည်း ယခုနှစ် ၂၀၁၉ မကုန်မီ မြန်မာနိုင်ငံ၏ လျှပ်စစ်မီးလိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးနိုင်မည်ဟု မှန်းဆထားကြောင်းလည်း ၎င်းကဆိုသည်။
“ ကျွန်မတို့က ၁ဝဝ ရာခိုင်နှုန်းလိုချင်တဲ့သူတွေဆိုတော့ ၅ဝ ရာခိုင်နှုန်းဆိုတော့ ကျေနပ်တယ်လို့တော့ မဟုတ်ဘူး။ သို့သော်လည်း တိုးတက်မှုအများကြီးရှိတယ်လို့ ပြောပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က မကွေးလူထုတွေ့ဆုံပွဲတွင်ပြောသည်။
ထို့အပြင် လာမည့် နောက် ၂နှစ် ၃ နှစ်အတွင်း မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ၁၀၀ ရာခိုင်နှုန်းအထိအပြည့်အဝ ရရှိရန်ကြိုးစား သွားရမည် ဟုလည်းဆိုသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးကို ရေအားလျှပ်စစ်မှနေ၍ အဓိကထုတ်လုပ်နေပြီး ဂတ်စ်ဖြင့်ထုတ်လုပ်ခြင်း၊ ကျောက်မီးသွေးထုတ် လုပ်ခြင်းများ လည်းရှိနေပြီး နေနှင့် လေစွမ်းအင်တို့မှလည်းထုတ်ယူရန် ကြိုးပမ်း နေဆဲဖြစ်သည်။
သို့သော်လက်ရှိအချိန်တွင် ရေအားလျှပ်စစ်ထုတ်လုပ်နေသည့်ဆည်များထဲတွင် ရေများလျော့နည်းနေ၍ ထုတ်လုပ်မှုလျော့နည်းကာ တစ်နိုင်ငံလုံးတွင် မီးအလှည့်ကျပေးနေရခြင်းဟုလည်း လျှပ်စစ်ဝန်ကြီးဌာနမှ ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် စက်မှုဇုန်အများဆုံးနှင့် လူဦးရေအထူထပ်ဆုံးဖြစ်သော စီးပွားရေးမြို့တော် ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၆၀၀ လောက်အထိသုံး စွဲမှုရှိနေပြီး ယခုလပိုင်းတွင် မဂ္ဂါဝပ် ၁၄၀၀ ခန့်သာ ထုတ်လုပ်ပေးနိုင်သေးကြောင်းလည်း လျှပ်စစ်ဝန်ကြီးဌာနမှသိရသည်။