ရန်ကုန် ၊ ဧပြီ ၂၆ ။ ။ လေလွင့်ခွေးများအား အဆိပ်ချ သတ်ဖြတ်ခြင်းမပြုရန် စည်ပင်သာယာဝန်ထမ်းများကို ညွှန်ကြားထားသည်ဟု ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ဆိုသည်။
မတ်လ ၃၁ ရက်နေ့ က ပြုလုပ်ခဲ့သည့် စည်ပင်သာယာရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဒုတိယမြို့တော်ဝန် အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် ဦးစိုးလွင်က သူ့၏ လူမှုကွန်ရက်စာမျက်နှာက တဆင့် ပြောဆိုခဲ့ခြင်း လည်း ဖြစ်သည်။
“ခွေးများကိုအဆိပ်ချသတ်ဖြတ်မူမပြုလုပ်ရန် ညွန်ကြားထားပြီး၊ နောက်နောင် အဆိပ်ချသတ်ဖြတ်ခြင်းမပြုရန် နှင့် မဖြစ်ပွားစေရန် အထူးကြပ်မတ်ဆောင်ရွက်သွားပါမည်” ဟု ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်းတွင် သူ့အား တိုင်ကြားလာမှုများအနက် ခွေးလေခွေးလွင့် ပြဿနာမှာ အများဆုံးဖြစ်ပြီး အဆိုပါကိစ္စအား ပိုမိုကောင်းမွန်သည့် နည်းလမ်းများ ဆောင်ရွက်နိုင်ရန် Royal Asia Veterinary Surgery မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟုလည်း ဆိုသည်။
ဦးစိုးလွင်သည် ဒုတိယမြို့တော်ဝန်အဖြစ် အရွေးချယ်မခံရမီ စည်ပင်သာယာရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်စဉ်က ခွေးလေခွေးလွင့် ပြဿနာကို ဦးစားပေး ရှင်းလင်းမည်ဟု ပြောဆိုထားသူလည်း ဖြစ်သည်။
ရန်ကုန်မြို့တွင်း၌ လေလွင့်ခွေး ပေါများမှုများကို ဖြေရှင်းပေးရန် ပြည်သူများက တောင်းဆိုနေပြီး တိရစ္ဆာန် ချစ်သူများ အဖွဲ့မှ လေလွင့်ခွေးပြဿနာတွင် အဆိပ်ချ သတ်ဖြတ်သည့် နည်းလမ်းကို မသုံးစွဲရန် ကန့်ကွက် မှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် ခွေးကောင်ရေ (၄) သန်းရှိပြီး (၇၀) ရာခိုင်နှုန်းသည် ခွေးလေခွေးလွင့်များ ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန စာရင်းဇယားများအရ ၂၀၁၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ခွေးကိုက်ခံရသူ ၁၉၀၀၀၀ ကျော် ရှိခဲ့သည်။