ဧပြီ ၁၇ ရက် တစ်ရက်တည်းမှာ ကျင်းပတဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲအတွင်း တာဝန်တွေ မနားမနေထမ်းဆောင်ရပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် ရွေးကောက်ပွဲဝန်ထမ်းတွေနဲ့ ရဲ စုစုပေါင်း ၁၀၀ ကျော်လောက် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယင်းအတွက်ကြောင့် ယင်းနိုင်ငံမှာ သမ္မတလောင်းရွေးကောက်ပွဲနဲ့ ဥပဒေပြုလွှတ်တော်အမတ်နေရာ မဲပေးမှုတွေကို တစ်ပြိုင်နက်တည်း လုပ်ဆောင်မှုအပေါ် ပြန်လည်သုံးသပ်စဉ်းစားဖို့ တောင်းဆိုမှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။
ယင်းရွေးကောက်ပွဲအတွင်း ကိုယ်စားလှယ်လောင်း ၂၄၅,၀၀၀ နီးပါးက နေရာ ၂၀,၀၀၀ အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲ ဝန်ထမ်း ၇ သန်းကျော် တာဝန်ပေးခဲ့ရတယ်လို့ အင်ဒိုနီးရှား အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။
ဧပြီ ၂၄ ရက်အထိ စာရင်းတွေအရ ဝန်ထမ်း ၁၃၉ ဦးအထိ သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။
မဲပေးမှုအပြီး လူ ၅၀၀ ကျော်လောက် ဖျားနာနေလျက်ရှိတယ်လို့ သိရပါတယ်။
ယင်းရွေးကောက်ပွဲတွေမှာတော့ မဲပေးခွင့်ရှိသူ ၁၉၃ သန်းအနက် ခန့်မှန်းခြေ ၈၁ ရာခိုင်နှုန်း ပါဝင်မဲပေးခဲ့တယ်လို့ သိရပါတယ်။ခုချိန်မှာ မဲတွေကို ရေတွက်နေဆဲဖြစ်ပေမယ့် တရားဝင်မဟုတ်ဘဲဲ ထွက်ပေါ်နေတဲ့ ကိန်းဂဏာန်းတွေအရ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုပဲ အနိုင်ရရှိထားတယ်လို့ သိရပါတယ်။