ရန်ကုန်၊ ဧပြီ ၁၉ ။ ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သစ်ကြီးတန်းရပ်၊ နယ်မြေ(၁၂)တွင် အမျိုးသားလိင်ပိုင်း ဆိုင်ရာနှင့်ပတ်သက်သော ဆေးဘူး ၂ဝ တွေ့ရှိခဲ့မှုဖြင့် အမျိုးသားတစ်ဦးကို အမှုဖွင့်စစ်ဆေးနေသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်တွင် ကျောက်ဆည်မြို့မရဲတပ်ဖွဲ့မှ ကျော်သူရ( အသက် ၃၃ နှစ်) ဆိုသူ၏ နေအိမ်တွင် တားမြစ်ထားသည့် တရားမဝင်ဆေးဝါးများ ရောင်းချနေကြောင်းသတင်းအရ သက်သေများနှင့် အတူ သွားရောက်ရှာဖွေရာမှ ယင်းဆေးဝါးများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဧပြီလ ၁၉ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ နေအိမ် အိပ်ခန်းအတွင်းမှ JO For Man တံဆိပ်ပါ အမျိုးသားလိင်အင်္ဂါလိမ်းဆေး ၁၆ ဘူးနှင့် MAX MAN တံဆိပ်ပါ အမျိုးသားလိင်အင်္ဂါ လိမ်းဆေးဘူး ၄ ဘူးတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကျော်သူရ ဆိုသူကို (ပ)၂၉၃/ ၂ဝ၁၉၊ အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်စစ်ဆေး နေကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ သိရသည်။