ရန်ကုန် ၊ ဧပြီ ၈ ။ ။ စည်ပင်သာယာ ရွေးကောက်ခံ ကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးစိုးလွင်ကို ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန်အဖြစ် ရွေးချယ်ခန့်အပ်လိုက်သည်။
အစိုးရက တာဝန်ပေးခန့်အပ်ထားသည့် ကော်မတီ ဝင် ၅ ဦး နှင့် စည်ပင်သာယာရွေးကောက်ပွဲ၌ အရွေးချယ်ခံ ခဲ့ရသည့် ကော်မတီဝင် ၆ ဦး စုစုပေါင်း ၁၁ ဦးက (ယနေ့)ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် လျှို့ဝှက် ဆန္ဒမဲပေးပြီး ရွေးချယ်လိုက်ခြင်းလည်း ဖြစ်သည်။
ဆန္ဒမဲ ၁၁ မဲအနက် ဒုတိယမြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဦးစိုးလွင်သည် မဲအရေအတွက် ၆ မဲဖြင့် ရွေးချယ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
ဒုတိယမြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဦးစိုးလွင်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အမှတ်(၃) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အဓိက ယှဉ်ပြိုင်ဘက်များ ဖြစ်သည့် လူငယ်ပညာရှင် တစ်ဦးဖြစ်သည့် ဦးအောင်ခန့် ၊ အလှမယ် ထက်ထက်ထွန်း ၊ ဇောတိက ဦးခင်လှိုင် အစရှိသူတို့ကို ဆန္ဒမဲ ၂၈၇၈ဝဖြင့် ကျော်ဖြတ် အနိုင်ရခဲ့သူလည်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး NLD ပါတီမှ ၄၂ ဦး၊ USDP ၂၇ ဦးနှင့် တစ်သီးပုဂ္ဂလပါဝင်ယှဉ်ပြိုင်သူ ၂၀၆ ဦး စုစုပေါင်း ကိုယ်စားလှယ်၂၇၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။