ရန်ကုန်၊ မတ်လ ၂၉ ။ ။ လာမည့် မေလ ၅ ရက်နေ့တွင် ကရင်ပြည်နယ်ဘားအံမြို့၌ World Lethwei Championship 8 ပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ပြီး မြန်မာလက်ဝှေ့ကစားသမား စိုးလင်းဦး နှင့် ပက်ချ်ယင်ဒီအကယ်ဒမီ မှ ဂျာမန်-ထိုင်း လက်ဝှေ့ကစားသမား ဘရုလစ်ခ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း မြန်မာလက်ခမောင်း ကုမ္ပဏီမှ သိရသည်။
စိုးလင်းဦး နှင့် ယှဉ်ပြိုင်ထိုးသတ်မည့်အသက် ၂၅ နှစ်အရွယ် ဂျာမန်-ထိုင်း လက်ဝှေ့သမား ဘရုလစ်ခ် မှ ပွဲပေါင်း ၈၀ ကျော်အနိုင်ရထားပြီး ၁၉ပွဲရှုံးနိမ့်ကာ ၂ ပွဲသရေကျထားသူဖြစ်သည်။မြန်မာလက်ခမောင်း အနေဖြင့် WLC-8 ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းများတွင် မြန်မာလက်ဝှေ့ကစားသမား စိုးလင်းဦး နှင့်ဘရုလစ်ခ် တို့ တွဲဆိုင်းသာ ထုတ်ပြန်ထားရှိပြီး ကျန်ရှိနေသည့် တွဲဆိုင်း ၁၁ ကိုမှုထုတ်ပြန်ခြင်းမရှိသေးပေ။
မြန်မာလက်ဝှေ့ကစားသမား စိုးလင်းဦးသည် ပြီးခဲ့သည့် WLC-6 တွင် ကစ်ဘောင်ဆင်ချန်ပီယံ တရုတ် နိုင်ငံသား ကျောက်ဝမ်ဝမ် ကို အနိုင်ယူနိုင်ခဲ့သူဖြစ်သည်။သူသည် ၂၀၁၉ ခုနှစ် နှစ်အစပိုင်းက ကျင်းပခဲ့သည့် WLC-7 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့် ရက်ပိုင်းက WLC ရိုးရာလက်ဝှေ့ ပြိုင်ပွဲများကို စီစဉ်သည့် မြန်မာလက်ခမောင်း ကုမ္ပဏီ က မြန်မာစပါးအုံးအမည်ဖြင့် လက်ဝှေ့ထိုးသတ်နေသော မြန်မာနိုင်ငံဖွား ဗြိတိန်နိုင်ငံသားခံယူထားသည့် အမျိုးသမီးကစားသမား နီကိုလာကို မြန်မာရိုးရာလက်ဝှေ့ပြိုင်ပွဲများ ယှဉ်ပြိုင်ထိုးသတ်ရန် ကစားသမားဘဝ တစ်သတ်တာ စာချုပ်ချုပ်ဆိုခဲ့သည်။