ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
အသက်ရှင်နေသမျှကာလပတ်လုံး နေ့စဉ်နဲ့အမျှ လေကိုရှုသွင်းနေရတယ်နော်။ ဒါဆို နေ့စဉ်ရှုသွင်းနေတဲ့ လေထုက သန့်စင်ဖို့ အရေးမကြီးဘူးလား။ လေထုအရည်အသွေးကျဆင်းလာနေတယ်ဆိုတာကလည်း နေ့စဉ်လိုလိုကြားနေရတဲ့သတင်းတွေထဲကတစ်ခုပါနော်။ အခုနောက်ပိုင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကို လေထုညစ်ညမ်းလာတာပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာလေထုညစ်ညမ်းတာကို ဖြေရှင်းဖို့ မတတ်နို်င်ပေမယ့် ကိုယ်တိုင်နဲ့ မိသားစုကျန်းမာရေးအတွက်တော့ အိမ်တွင်းလေထုသန့်စင်အောင်လုပ်ဖို့တော့ တတ်နိုင်ပါသေးတယ်နော်။ ဒီတစ်ခေါက်တော့ ချစ်ရတဲ့ Helloဆရာဝန်ပရိသတ်ကြီးအတွက် အိမ်တွင်းလေထုသန့်စင်နည်းလေးတွေ ပြောပြပေးမယ်နော်။
ဒီအချက်တွေကြောင့် အခန်းတွင်းလေထုကိုညစ်ညမ်းစေနိုင်ပါတယ်
အိမ်တွင်းကလေထုသန့်စင်ဖို့အတွက် မဖြစ်မနေလုပ်ရမယ့်အချက်လေးတွေရှိပါတယ်။ ဒါကတော့ အိမ်သန့်ရှင်းရေးဂရုစိုက်တာပါ။ အခန်းတွင်းကဖုန်မှုန့်တွေ၊ ကြပ်ခိုးတွေကို သေချာသန့်စင်မယ်။ ကြမ်းပြင်ကိုလည်း သေချာလေးသုတ်သင်မယ်။ အိမ်သာနဲ့ ရေချိုးခန်းကြမ်းပြင်တွေကိုလည်း ခြောက်သွေ့သန့်ရှင်းအောင်ထားမယ်ဆိုရင် မှိုနဲ့ဘက်တီးရီးယားတွေ တော်တေ်ာလေးကင်းသွားမှာပါ။ ဒီနေရာမှာသိထားဖို့လိုမှာက အပြင်းစား ဓာတုပစ္စည်းတွေကို မသုံးမိဖို့ပါ။ အပြင်းစားဓာတုပစ္စည်းတွေကလည်း အခန်းတွင်းလေထုသန့်စင်မှုကို ထိခိုက်စေနိုင်ပါတယ်နော်။
လေထုမသန့်စင်ရင် ဘာဖြစ်လာမလဲ
လေထုညစ်ညမ်းမှုကြောင့် အခုလိုမျိုးကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။
လေထုညစ်ညမ်းမှုကြောင့် အရင်ဆုံးခံစားရမယ့် လက္ခဏာတွေကတော့
အသက်ရှုကြပ်တာ
အသက်ရှုလမ်းကြောင်းမှာ မအီမသာဖြစ်တာ
မျက်လုံးတွေကျိန်းစပ်တာ
အသားအရေတွေခြောက်သွေ့တာ မျိုးခံစားရနိုင်ပါတယ်။
လေထုညစ်ညမး်တဲ့အခါ လေထုထဲမှာရှိနေတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ညစ်ညမ်းစေတဲ့အရာတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲကိုရောက်ရှိသွားနိုင်သလို အသက်ရှုလမ်းကြောင်းစနစ်၊ သွေးလည်ပတ်မှုစနစ်တွေထဲကိုရောက်ရှိပြီး အဆုတ်၊နှလုံး နဲ့ ဦးနှောက်တို့ထိခိုက်ပျက်စီးနိုင်ပါတယ်။
လေထုညစ်ညမ်းမှုကြောင့်ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ
လေထုညစ်ညမ်းမှုကြောင့် –
နှလုံးသွေးကြောဆိုင်ရာရောဂါ
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ
ခေါင်းကိုက်မယ်
စိတ်ဖိစီးမယ်
လည်ချောင်းတွေစပ်မယ်
အဆုတ်ထိခိုက်တာ
မောပန်းလွယ်တာ
မအီမသာဖြစ်တာ
အသက်ရှုလမ်းကြောင်းတစ်လျှောက်က ဆဲလ်တွေပျက်စီးတာဖြစ်နိုင်ပါတယ်။
လေထုညစ်ညမ်းမှုကို ကလရှည်ကြာထိတွေ့မယ်ဆိုရင်တော့ –
အဆုတ်တွေကောင်းကောင်းအလုပ်မလုပ်နိုင်တာမျိုးဖြစ်နိုင်တယ်
အဆုတ်ရောင်ရောဂါခံစားရနိုင်တယ်
ပန်းနာရင်ကြပ်ရောဂါခံစားရနိုင်တယ်
လေပြွန်ရောင်ခြင်းဝေဒနာခံစားရနိုင်တယ်
အဆုတ်ကင်ဆာခံစားရနိုင်တယ်
အရွယ်မတိုင်ခင်သေဆုံးတာမျိုးဖြစ်နိုင်တယ်
နှလုံးထိခိုက်နိုင်တယ်
နှလုံးသွေးကြောဆိုင်ရာရောဂါခံစားရနိုင်တယ်
အသည်းထိခိုက်တာခံစားရနိုင်တယ်
ပန်ကရိယထိခိုက်နိုင်တယ်
သွေးတွင်းမှာ ညစ်ညမ်းတဲ့အရာတွေဝင်ရောက်နိုင်တယ်
အာရုံကြောစနစ်ထိခိုက်နိုင်တယ်
ကိုယ်ခံအားနည်းတာကြောင့် ရောဂါဝင်လွယ်လာမယ်။
အိမ်တွင်းလေထုသန့်စင်စေဖို့
အိမ်တွင်းသန့်ရှင်းရေး ဦးစားပေး
အိမ်တွင်းလေထုသန့်စင်ဖို့ဆိုရင် အရင်ဆုံးအပေါ်မှာပြောခဲ့သလိုပဲ အိမ်ကိုအရင်ရှင်းရပါမယ်။ အသုံးမလိုတာတွေကို ဝဲပစ်လိုက်ပါ။ ပြီးရင် ပုံမှန် ဖုန်စုပ်ပေးပါ။ စိုထိုင်းထိုင်းဖြစ်မနေဖို့လည်း သတိထားရပါမယ်။ အခန်းတွင်းမှာ ဆေးလိပ်သောက်တာမျိုးလည်း မလုပ်မိဖို့လိုပါမယ်နော်။
လေသန့်စက်တပ်ဆင်ပါ
အိမ်တွင်းလေသန့်စက်လေးတွေတပ်ဆင်တာကလည်း ကိုယ်တိုင်ကိုရော မိသားစုကိုပါ သန့်စင်တဲ့လေထု ရှုရှိုက်မိစေမှာပါ။ အိမ်ခန်းတိုင်းမှာ မတပ်ဖြစ်ရင်တောင် တစ်အိမ်လုံးမှာ ၂ ခုလောက်တော့ တပ်ထားပေးပါ။
ခြံထဲမှာ သစ်ပင်တွေစိုက်ထားပါ
ကိုယ်ပိုင်ခြံနဲ့နေတာဆိုရင်တော့ ခြံထဲမှာ အရိပ်ရတဲ့ အပင်လေးတွေစိုက်ထားပေးပါ။ လေထုကိုသန့်စင်စေရုံတင်မကပါဘူး။ နွေရာသီမှာ အေးမြမှုကိုပါပေးစွမ်းနိုင်ပါသေးတယ်နော်။
ဗီနီကာသုံးပေးပါ
ဇလုံသေးသေးလေးတစ်လုံးယူပြီး ဗီနီကာကို ပန်းကန်တစ်ဝက်စာထည့်လိုက်ပါ။ ပြီးရင် တစ်သျှူးစလေးတွေထည့်စိမ်ပေးပြီး အခန်းထောင့်လေးတွေမှာ ထားပေးပါ။ အနံ့ပြင်းနိုင်ပေမယ့် အခန်းတွင်းလေထုကိုတော့ သိသိသာသာသန့်စင်သွားစေမှာပါ။ ရေမြှုပ်လေးတွေကို စိမ်ပေးလို့လည်းရပါတယ်။
ပျားဖယောင်းတိုင် သုံးမယ်
ဓာတုပစ္စည်းတွေမပါဘဲ ပျားဖယောင်းစစ်စစ်ကို သုံးပြီး လုပ်ထားတဲ့ ဖယောင်းတိုင်ကို ထွန်ပေးတာကလည်း အခန်းတွင်း ကအဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အခန်းတွင်းလေထုသန့်စင်ချင်တယ်ဆိုရ်ငတော့ ပျားဖယောင်းစစ်စစ် ဖယောင်းတိုင်လေးကို သုံးပေးလို့ရပါတယ်။
ဆားမီးခွက်ထွန်းမယ်
ပန်းရောင်ရှိတဲ့ ဟိမဝန္တာဆားက သဘာဝအဆိပ်အတောက်ဖြေဆေးတစ်ခုပါ။ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်နော်။ အိမ်ခန်းတွင်းမှာ ဟိမဝန္တာဆားမီးခွက်လေးထွန်းပေးတာကလည်း အခန်းတွင်းလေထုကို သန့်စင်ဖို့ အထိရောက်ဆုံးအားပေးနိုင်ပါတယ်။
မီးသွေးသုံးမယ်
မီးသွေးကရေထုကို သန့်စင်ပေးနိုင်သလို လေထုကိုလည်း သန့်စင်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ စုပ်ယူမငအားကောင်းတဲ့ မီးသွေးခဲလေးတွေကို ခွက်လေးတစ်ခုနဲ့ထည့်လို့ အခန်းထဲမှာ ထားလိုက်ပါ။
အခန်းတွင်းစိုက်လို့ရတဲ့ အပင်လေးတွေစိုက်ပေးပါ
အခန်းတွင်းမျာစိုက်လို့ရတဲ့ အပင်သေးသေးလေးတွေကို စိုက်ပေးပါ။ ဒါကမျက်စိအမြင်ကိုတင်အေးစေရုံမကဘဲ လေထုကိုပါသန့်စင်စေလို့ တော်တေ်ာလေးအဆင်ပြေစေမှာပါနော်။
အခန်းတွင်းလေထု သန့်သန့်လေးကိုရှုရှိုက်လို့ ပျော်ရွှင်ကျန်းမာတဲ့ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ Helloဆရာဝန်ပရိသတ်ကြီးရေ……….