ပခုက္ကူ၊ မတ် ၂၆ ။ ။ ပခုက္ကူမြို့ရှိတည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုနေသည်႔ အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် အခန်းတွင်း သေဆုံးနေမှု ဖြစ်ပွားခဲ့သည်ဟု မတ် ၂၅ ရက်တွင် ပခုက္ကူမြို့မရဲစခန်းမှ သိရသည်။
သေဆုံးခဲ့သည်႔ အမျိုးသမီးမှာ အဆိုပါ တည်းခိုခန်းသို့ အဖော်အမျိုးသားတစ်ဦးဖြင်႔ မတ် ၁၈ ရက်ဝန်းကျင်ခန့်ကတည်းက လာရောက်တည်းခိုနေထိုင်ခြင်း ဖြစ်ပြီး သေဆုံးချိန်၌ ခန္ဓာကိုယ်တွင် ဒဏ်ရာများပါ စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းများ အရ သိရသည်။
စုံစမ်းစစ်ဆေးချက်များအရ သေဆုံးသူသည် ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ပခုက္ကူမြို့သို့ လာရောက်တည်းခိုနေခဲ့ခြင်း ဖြစ်သည်။ မတ် ၂၄ ရက် ညပိုင်းကတည်းက သေဆုံးခြင်းဖြစ်သည်ဟု ယူဆရပြီး ယင်းညမှာပင် အတူပါလာသူ အမျိုးသားက ထွက်ခွာသွားခြင်း ဖြစ်သည်။
၎င်းသေဆုံးသူသည် ယခင်က ပခုက္ကူမြို့တွင်နေထိုင်သူဖြစ်ပြီး နေအိမ်မှ ထွက်ခွာသွားသည်မှာ တစ်နှစ်ကျော် ကြာမြင်႔ ခဲ့ပြီးဖြစ်ကြောင်း သေဆုံးသူအမျိုးသမီး၏ အဒေါ်ဖြစ်သူ( ပခုက္ကူမြို့နေသူ) က ဆိုသည်။
"သူ အိမ်ကနေ ထွက်သွားတာ ၁ နှစ် ကျော်နေပြီ ။ သူ့ကို တစ်မြို့တည်းနေပြီး ရှာမရတာ ကြာပြီ။ မနက်ကမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လာခေါ်မှ သူ သေတယ်ဆိုတာ သိရတယ်"ဟု ပခုက္ကူမြို့နေ အဒေါ်ဖြစ်သူက ပြောသည်။
ရဲတပ်ဖွဲ့မှတ်တမ်းများအရ သေဆုံးသူ အမျိုးသမီးမှာ နှလုံးရောဂါ ရှိသည်ဟု ဖော်ပြထားပြီး ဒဏ်ရာ အချို့ လည်း ရရှိထားသည်ဟု သိရသည်။
"အစ်မတို့ မနက်ကတည်းခိုခန်းလိုက်ကြည်႔ တော့ ဆံပင်တွေ ရှုပ်ပွနေတာ တွေ့တယ်။ အစ်မကို ရဲတွေက စစ်တော့ သူ့မှာ ဘာရောဂါရှိလဲ မေးတယ်။သူ့မှာ နှလုံးရောဂါရှိတယ်လို့ ဖြေလိုက်တယ်။ခု သုသာန်ရောက်မှ နားထင်မှာ ထိုး သွင်းဒဏ်ရာတစ်ချက် တွေ့တယ်။ ပေါင်တွေမှာ လည်း ညိုမဲဒဏ်ရာ တွေ လည်း တွေ့တယ်"ဟု သေဆုံးသူ၏ အဒေါ်ဖြစ်သူက ပြောသည်။
ရဲဘက်မှ ဓမ္မတာအတိုင်း သေဆုံးခြင်းမဟုတ်ဟု ဆေးစာပေးပို့ စစ်ဆေးပြီးနောက် သေဆုံးသွားသူအမျိုးသမီးကို မတ်လ ၂၅ ရက်က ပခုက္ကူသုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။
ယင်းဖြစ်စဉ်နှင်႔ ပတ်သက်၍ အမျိုးသမီး(သေဆုံး) နှင်႔ အတူ လာရောက်တည်းခိုသည်႔ အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင်႔ လိုက်လံရှာဖွေနေ ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
လက်ရှိအချိန်တွင် ယင်းအမျိုးသမီးသေဆုံးမှုကို ပခုက္ကူမြို့မရဲစခန်းတွင် သေမှုသေခင်းမှ လူသတ်မှုပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင်႔လှစ်ထားသည်။