မတ် ၂၅ ။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးကျင်းပတဲ့ ထိုင်းရွေးကောက်ပွဲမှာတော့ စစ်တပ်လိုလားတဲ့ နိုင်ငံရေးပါတီတစ်ခုက မမျှော်လင့်ဘဲ ဦးဆောင်အသာရနေလျက်ရှိတယ်လို့ သိရပါတယ်။
မဲရလဒ် ၉၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးစီးချိန်မှာတော့ ပလန်း ပရာချာရက်သ် ပါတီက မဲအရေအတွက် ၇ ဒသမ ၆ သန်း ရထားပြီး အဓိက အတိုက်အခံ ပျူထိုင်း (ထိုင်းပြည်သူအတွက်) ပါတီထက် သန်းဝက်လောက် ပိုများနေတယ်လို့ သိရပါတယ်။
ပလန်း ပရာချာရက်သ် ပါတီကတော့ လက်ရှိ စစ်အစိုးရခေါင်းဆောင် ပရာယုသ် ချန်အိုချာကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိ အနေအထားတွေအရ လက်ရှိဝန်ကြီးချုပ် ချန်အိုချာပဲ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေဖို့ များနေပါတယ်။
ပျူထိုင်း ပါတီကတော့ ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာနဲ့ အချိတ်အဆက်ရှိတဲ့ပါတီ ဖြစ်ပါတယ်။
တရားဝင် မဲရလဒ်တွေကတော့ မတ်လ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာဖို့ ရှိနေပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေအရ စစ်တပ်လိုလားတဲ့ ပလန်း ပရာချာရက်သ် ပါတီကပဲ ရွေးကောက်ပွဲအပြီးမှာ အစိုးရတစ်ရပ် ဖွဲ့နိုင်ဖို့ များနေပါတယ်။
စစ်အုပ်ချုပ်ရေးအပေါ် ပြည်သူတွေ မလိုလားတာကြောင့် စစ်တပ်နဲ့ ဆက်နွယ်တဲ့ ပလန်း ပရာချာရက်သ် ပါတီ အနေနဲ့ မဲအများစု နိုင်မှာမဟုတ်ဘူးလို့ အကဲဖြတ်တွေက ကြိုတင်သုံးသပ်ခဲ့ကြပေမယ့် ထိုင်းနိုင်ငံရေးကိုက ကြိုတင်ခန့်မှန်းရခက်တဲ့အတိုင်းပဲ ယခုအခါ ယင်း စစ်တပ် လိုလားတဲ့ပါတီက ဦးဆောင်နေတာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် စစ်အစိုးရ ပါတီ အနိုင်ရသွားမယ်ဆိုရင်လည်း ရွေးကောက်ပွဲ ရလဒ်တွေကို လက်ခံသွားမယ်လို့ ပျူထိုင်းပါတီဘက်ကလည်း ပြောထားပါတယ်။