စစ်တွေ ၊ မတ် ၂၂ ရက် ။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာတွင် မတ်လ ၂၁ ရက်နေ့ ည ၉ နာရီဝန်းကျင်က ကျေးရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် ဗုန်းခိုကျင်းတွင် ပုန်းအောင်းနေသူ ကျေးရွာသား ၆ ဦး သေဆုံးသွားသည်။
အဆိုပါ ညက ပစ်ခတ်မှုများရှိခဲ့ရာ ကျေးရွာဒေသခံများမှာ ဗုံးခိုကျင်းများတွင် ဝင်ရောက် ခိုလှုံနေကြရပြီး မိသားစုတစ်ခု ခိုအောင်းနေသည့် တွင်းသို့ လက်နက်ကြီးကျရောက်၍ ပေါက်ကွဲကာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးသွားပြီး ထိုအနီးနားတွင်ရှိသည့် အမျိုးသမီး တစ်ဦးမှာလည်း ကျည် ထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ဆိုသည်။
“တပ်မတော်ဖက်က ပစ်တာပါ။ တစ်ယောက်ကလည်း သွားကြည့်ဖို့ မရဘူး။ တွင်းထဲမှာ သေနေတယ်။ အဲဒီအချိန်ကတည်းက သွေးတွေ အိုင်တင်နေတယ်။ မိသားစု တစ်စုပါ။ မိသားစုနှစ်ယောက်ပေါ့။ အဒီနှစ်ယောက်မှာ သမီးကတော့ ကျန်ခဲ့တယ်။ နောက်ထပ် သူတို့ မျိုးနွယ် ၂ ယောက်ပေါ့။ ယောက်ျား ၃ ယောက်။ မိန်းမ ၁ ယောက်ပါတယ်။ နောက်တစ်ယောက်ကလည်း အဲဒီအနီးတဝိုက်မှာပဲ ကျည် ကျလို့ သေသွားတာ။” ဟု ၎င်းက ပြောသည်။
ထိုပစ်ခတ်မှုအတွင်း ကျေးရွာသား ၄ ဦးမှာ ဒဏ်ရာရရှိသွားသည့်အတွက် ဘူးသီးတောင်ဆေးရုံသို့ တင်ဆောင်သွားရာ ဆေးရုံတွင် ၁ ဦး ဆုံးသွားကြောင်း ဆိုသည်။ ထို့ကြောင့် ပထမ သေဆုံးသူ ၅ ဦးနှင့် ဆေးရုံသို့သွားရာတွင် သေဆုံးသူ ၁ ဦး စုစုပေါင်း သေဆုံးသူမှာ ထိုပစ်ခတ်မှုအတွင်း ၆ ဦးထိ ရှိလာသည်။
ပစ်ခတ်မှုများနှင့် ပတ်သတ်၍ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “ဘယ်လိုဖြစ်သွားတယ် ဆိုတာကိုတော့ ရွာသားတွေကို မေးရမယ်။ သေတာက ဗုန်းခိုကျင်းထဲမှာ သေတာလို့ ကြားတယ်။ ဒေသခံပြည်သူလူထုက သေကြေ ပျက်စီးသွားတယ်ဆိုတော့ မကောင်းဘူးပေါ့လေ။ အဓိကဖြစ်နေတာက ပြည်သူလူထု သေကြေပျက်စီးတယ်ဆိုတော့ မကောင်းတဲ့ လက္ခဏာလောက်ပဲ ပြောလို့ရတယ်။”ဟု ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သတ်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်ဇော်ဦးထံ ဆက်သွယ်ရာ ဖုန်းပိတ်ထား၍ တပ်မတော်ဖက်မှ သဘောထားကို မေးမြန်း တင်ပြနိုင်ခြင်းမရှိခဲ့ပါ။
ထိုကျေးရွာတွင် လူဦးရေ ၃၀၀ ခန့်ရှိပြီး ပစ်ခတ်မှုများဖြစ်ပြီးနောက် ရသေ့တောင်မြို့နယ် ဆင်ခုံတိုင်ကျေးရွာသို့ ရွာလုံးကျွတ် တိမ်းရှောင် ခိုလှုံနေကြရသည်။