မန္တလေး၊ မတ် ၉ ။ ။ မန္တလေးမြို့၌ မိုးရာသီ ရေကြီးရေလျှံမှုများ မဖြစ်စေရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံဆောင်ရွက်လျက်ရှိကြောင်း မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။
"ရှိတဲ့ဘတ်ဂျက်လေးနဲ့ ရေကြီးရေလျှံကာကွယ်ရေးတွေကိုနှစ်စဉ် ဦးစားပေးအစီအစဉ်နဲ့ တစ်ဆင့်ချင်း ဆောင်ရွက်ပေးနေပါတယ်။အခုနှစ်အတွက် ချမ်းမြသာစည် ရေစုကန်ကရေတွေ ပန်ရံတော်ချောင်းထဲအထိ စုတ်ထုတ်နိုင်ဖို့ လုပ်ငန်းတွေစနေပြီဖြစ်သလို ဇောင်းကလောမှာလည်း ရေစုတ်ထုတ်စက်တွေတပ်ဆင်ဖို့ စတင်လုပ်နေပါပြီ။"ဟု ဒေါက်တာရဲလွင်ကပြောသည်။
မန္တလေးမြို့ ရေကြီးရေလျှံမှုများ ကာကွယ်ရန် ၃၁လမ်းနှင့်လမ်း ရဝထောင့်ရှိ ငွေတချောင်းမြောင်းကူး တံတား အသစ်ကို တည်ဆောက်ပေးနေပြီး ငွေတချောင်းမြောင်း ရေစီးရေလာ ကောင်းမွန်ရေးကိုလည်း ဆောင်ရွက် နေကြောင်း သိရသည်။
"အဓိကကျတဲ့ အခြားနေရာတွေပြုပြင်ပြီးလို့ ကျန်နေသေးတဲ့အခု မြောင်းကူးတံတားကို ပေ၂ဝအကျယ် arch culvert တံတားအသစ်တည်ဆောက်နေပါပြီ။"ဟု ဒေါက်တာရဲလွင်က ဆက်ပြောသည်။
ငွေတချောင်းမြောင်းကူး မူလတံတားသည် အကျယ် ၅ပေလောက်ခန့်သာရှိပြီး တံတား၏အနေအထား နိမ့်နေမှုကြောင့် ရေစီးဆင်းမှုနည်းခြင်း၊ bottleneck effect ကြောင့် ငွေတချောင်း အထက်ပိုင်း ၂၂လမ်းအထိ မိုးများရေလျှံလေ့ရှိကြောင်း သိရသည်။
မန္တလေးမြို့၊ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ရေးများလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်သွားမည်ဟုလည်း ဒေါက်တာရဲလွင်ကဆိုသည်။