(၁၀၄)နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့ အမှတ်တရအဖြစ် မင်းကွန်းသဲသောင်ပြင်တွင် သဲပန်းပု ပုံဖော်ရေးဆွဲ

(၁၀၄)နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့ အမှတ်တရအဖြစ် မင်းကွန်းသဲသောင်ပြင်တွင် သဲပန်းပု ပုံဖော်ရေးဆွဲ
ဓာတ်ပုံ ဖိုးဝလုံး

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ မင်းကွန်းဒေသ၊ ခြင်္သေ့ကြီးနှစ်ကောင် အရှေ့ဘက်ရှိ ဧရာဝတီမြစ်ကမ်း ဘေး သဲသောင်ပြင်တွင် (၁၀၄)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရအဖြစ် သဲပန်းပု ပုံဖော်ရေးဆွဲ ထားကြောင်း သိရှိရသည်။

 
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (၁၀၄)နှစ်ပြည့် အမှတ်တရ သဲပန်းပု ပုံဖော်ခြင်းကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပန်းပုဌာန နောက်ဆုံးနှစ် ကျောင်းသား ကိုဖိုးဝလုံး နှင့် ကျောင်းသား ငါးဦး စုပေါင်း၍ အမှတ်တရ ပုံဖော်ခြင်းဖြစ်ကြောင်းသိရသည်။

 " သဲနဲ့ ရေနဲ့ကို အခြေခံပြီး သဲသိပ်သည်းဆနဲ့ ဘေးနားမှာ အထပ်သား ပုံတွေ ဆင့်ထားပြီး လိုချင်တဲ့ ပုံကို ပုံဖော်ခဲ့ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့(၁၀၄)နှစ်ပြည့် အမှတ်တရ သဲပန်းပုမှာ မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့ ဗိုလ်ချုပ်ပုံရယ်၊ ပင်လုံကျောက်တိုင် (ပြည်မတောင်တန်း ပူးပေါင်းရေး ကျောက်တိုင်)ပုံ တွေကို ထည့်သွင်း ပုံဖော််ထားပါတယ်" ဟု အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပန်းပုဌာန နောက်ဆုံးနှစ် ကျောင်းသား ကိုဖိုးဝလုံးက ပြောသည်။

အဆိုပါ သဲပန်းပု ပုံဖော်ခြင်းကို (၂၀၁၉)ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက် ပြည်ထောင်စုနေ့မှစတင်၍ ပုံဖော်နေခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ(၁၃)ရက် ညနေပိုင်းတွင် အပြီးသတ် ပုံဖော်ခဲ့ခြင်းဖြစ်ကာ၊ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (၁၀၄)နှစ်ပြည့် အမှတ်တရ သဲပန်းပုသည် အမြင့် (၉)ပေ၊ အကျယ် (၁၅)ပေ ရှိကြောင်းသိရသည်။

 '' ဗိုလ်ချုပ်မွေးနေ့အမှတ်တရတစ်ခုအနေနဲ့ လုပ်ချင်တဲ့အတွက် နေရာလိုက်ရှာရင်ကနေ မင်းကွန်း သဲသောင် ပြင်မှာလုပ်ဖြစ်တာပါ။ မင်းကွန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မီးသတ်တပ်ဖွဲ့နဲ့ နယ်ခံတွေရဲ့ ကူညီ ပံ့ပိုးပေးပါတယ်။ ဒီသဲပန်းပုကို နောက်ထပ် လေးရက်၊ ငါးရက်လောက်တော့ လာကြည့်လို့ ရမှာပါ '' ဟု အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပန်းပုဌာနမှ နောက်ဆုံးနှစ် ကျောင်းသား ကိုဖိုးဝလုံးက ပြောသည်။

 
အဆိုပါ သဲပန်းပုကို (၂၀၁၉)ခုနှစ် ဖေဖော်ဝါရီ(၁၃)ရက် မှ ဖေဖော်ဝါရီ(၁၇)ရက်နေ့ထိ အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly