ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၃ ။ ။ ဂျပန်နိုင်ငံတွင် ကျင်းပမည့် ၂၀၂ဝခုုနှစ် တိုကျိုအိုလံပစ် အာရှဇုန် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲများ မဲနှိုက်ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မွန်းလွဲပိုင်းက မလေးရှားနိုင်ငံရှိ AFC ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။
ဒုတိယအဆင့်ခြေစစ်ပွဲအတွက် မဲခွဲထွက်ပေါ်လာမှုများအရ အိမ်ရှင် မြန်မာလက်ရွေးစင် အမျိုးသမီး အသင်းသည် အုပ်စုအေ တွင် ကျရောက်နေပြီး အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ဒုတိယအဆင့်ခြေစစ်ပွဲအဆင့်တွင် အုပ်စု တစ်ခုစီမှ ပထမရရှိသော အသင်း ၃ သင်းသည် နောက်တစ်ဆင့်သို့ တက်ရောက်မည်ဖြစ်ပြီး ဒုတိယအဆင့်ခြေစစ်ပွဲအုပ်စုပွဲစဉ်များကို ၂၀၁၉ခုနှစ် ဧပြီ ၁ ရက်မှ ၉ ရက်နေ့ အထိ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
တတိယအဆင့်ခြေစစ်ပွဲတွင် ဒုတိယအဆင့်မှ ပထမ ရ ၃ သင်းနှင့် သြစတြေးလျ၊ တရုတ်၊ မြောက်ကိုးရီးယား၊ တောင်ကိုးရီးယား၊ ထိုင်းအသင်းတို့ကို ၄ သင်း ၂ အုပ်စုစီ ခွဲကာ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အိမ်ကွင်း၊ အဝေးကွင်း ၂ ကျော့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ အနိုင်ရရှိသည့် ၂ သင်းမှာ၂၀၂ဝတိုကျိုအိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
လက်ရှိအချိန်တွင်မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် အိန္ဒိယ ဖိတ်ခေါ်ဖလား Hero goal Cup ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နေပြီး ဗိုလ်လုပွဲသို့တက်ရောက်ရန် အလားအလာကောင်းလျက်ရှိသည်။