ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ။ ။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အိန္ဒိယနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် Hero Gold Cup လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲဝင်ရန် အိန္ဒိယနိုင်ငံသို့ ဖေဖော်ဝါရီ ရရက် နေ့လယ်ပိုင်းက ထွက်ခွာခဲ့ကြောင်း သိရသည်။
Hero Gold Cup လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို အိန္ဒိယနိုင်ငံမှအိမ်ရှင်အဖြစ်ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် အိန္ဒိယ၊ မြန်မာ၊ နီပေါ နှင့် အီရန် အသင်း တို့အုပ်စုပတ်လည်စနစ်ဖြစ် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမှတ်အများဆုံးရသည့် အသင်းနှစ်သင်းက ဗိုလ်လုပွဲကိုယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်တွင် နီပေါအသင်း၊ ဒုတိယပွဲစဉ်အဖြစ် အီရန်အသင်း၊ တတိယပွဲစဉ်အဖြစ် အိမ်ရှင် အိန္ဒိယအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးနှင့် ကစားသမား (၂၀)ဦး ပါဝင်ကြောင်း သိရသည်။
မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှာ ၂၀၂၀ ဧပြီလ ပထမ အပတ်အတွင်းကျင်းပမည့် အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် FIFA က သတ်မှတ်ထားသည့် အဆင့် သတ်မှတ်ချက်တွင် ကမ္ဘာအဆင့် ၄၄ ဖြစ်ရပ်တည်လျက်ရှိသည်။