ဖေဖော်ဝါရီ ၆ ။ ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က သြစတြေးလျအရှေ့မြောက်ပိုင်းဒေသတစ်ဝန်းမှာ မိုးပြင်းထန်စွာရွာသွန်းခဲ့ပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ရာ ဒေသခံယောကျာ်းလေး ၂ ဦးသေဆုံးသွားကြောင်း သြစတြေးလျအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။
မကြုံစဖူးကြုံရတဲ့ ယခုလိုရေလွှမ်းမိုးမှုကြောင့် သြစတြေးလျအရှေ့မြောက်ပိုင်းဒေသတစ်လျှောက်ရှိ လေဆိပ်တွေ၊ ကျောင်းတွေ ပိတ်ထားခဲ့ရပြီး ကားတွေ၊ အိမ်တွေလည်း ပျက်စီးခဲ့ရတာဖြစ်ပါတယ်။
ရေလွှမ်းမိုးမှုဒဏ်ကို အပြင်းထန်ဆုံးကြုံတွေ့ခဲ့ရတဲ့ တောင်းစ်ဗီးလ်မြို့မှာတော့ ဒေသခံ ၆၅၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားသလို အိမ်ခြေ ၁၁၀၀၀ ခန့်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်လျက်ရှိတယ်လို့ သိရပါတယ်။
ရေလွှမ်းမိုးမှုကြောင့် သေဆုံးသွားခဲ့တဲ့ ဒေသခံယောကျ်ားလေး ၂ ဦးမှာ အသက် ၂၀ ဝန်းကျင်သာရှိကြောင်း၊ ၎င်းတို့ရဲ့အလောင်းတွေကို တောင်းစ်ဗီးလ်မြို့အနီးတစ်ဝိုက်မှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း သြစတြေးလျအာဏာပိုင်တွေက ပြောပါတယ်။
မုတ်သုံရာသီအတွင်း မိုးဆက်လက်ရွာသွန်းနိုင်ခြေရှိတဲ့အတွက် များမကြာမီမှာလည်း ရေလွှမ်းမိုးမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း၊ ဒေသခံတွေအနေနဲ့ သတိကြီးစွာထားပြီး နေကြဖို့လိုအပ်ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။