ရန်ကုန် ၊ ဇန်နဝါရီ ၈ ။ ။ FA ဖလား စတုတ္ထအဆင့်ပွဲစဉ်များကို ဇန်နဝါရီ ၇ ရက်နေ့က မဲခွဲခဲ့ရာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး နှစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းနှင့် မန်ယူအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။
FA ဖလားစတုတ္ထအဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေတဲ့ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ဟာ ၂၀၁၅ခုနှစ်က ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံခဲ့ကြဖူးပြီး အာဆင်နယ်အသင်းက ၂-၁ ရလဒ်နဲ့ မန်ယူအသင်းရဲ့ အိမ်ကွင်း မှာ အနိုင်ရရှိခဲ့ပါတယ်။ယခုနှစ်မှာတော့ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ မန်ယူအသင်းကို ဧည့်ခံကစား ရမှာပဲ ဖြစ်ပါတယ်။
FAဖလား စတုတ္ထအဆင့်ပွဲစဉ်များ မဲခွဲမှုအပြီးမှာတော့ လက်ရှိချန်ပီယံဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်း မှာ ရှက်ဖီးဝင်းနစ်ဒေးလ်အသင်းနဲ့ လူတန်အသင်းတို့ထဲက အနိုင်ရရှိတဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မန်စီးတီး အသင်းကတော့ ပရီးမီးယားလိဂ်က အသင်းဖြစ်တဲ့ ဘန်လေအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါ့အပြင် စပါး အသင်းဟာလည်း ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ အဝေးကွင်းမှာ ကစားရမှာဖြစ်ပါတယ်။
အဆိုပါ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်တွေကို ဇန်နဝါရီလ ၂၅ကနေ ၂၈ရက်နေ့အတွင်း ကစားကြမှာဖြစ်ပြီး မဲခွဲမှုရလဒ်များအရ အာဆင်နယ်- မန်ယူ ၊ ဆွမ်ဆီး - ဂီလင်ဂျန်း ၊ ဝင်ဘလီဒွန် - ဝက်စ်ဟမ်း ၊ ရှရူဘရီ - (စတုတ်စီးတီးနှင့် ဝုဗ်) ၊ မီဝေါလ် - အဲဗာတန်၊ ဘရစ္စတိုး - ဘော်လ်တန် ၊ ဘရိုက်တန် - ဝက်စ်ဘရွန်း ၊ အက်စရီတွန် - (ဒါဘီ - ဆောက်သမ်တန်) ၊ဒွန်ကပ်စတာ - အိုဟမ်း ၊ ချယ်လ်ဆီး - (ရှက်ဖီး- လူတန်) ၊ နယူးကာဆယ် - (ဘလက်ဘန်း - ဝက်စ်ဖို့) ၊ မစ်ဒယ်ဘိုရို - နယူးပေါ့ ၊ မန်စီးတီး - ဘန်လေ ၊ ဘားနက် - ဘန်းဖို့ဒ် ၊ ပို့စ်မောက် - ကျူပီအာ ၊ ခရစ္စတယ်ပဲလေ့စ် - စပါး တို့ထိပ်တိုက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။