ဒီဇင်ဘာ ၁၂ ။ ။ လက်ရှိမှာ အသက် ၁၀၂ နှစ် ရှိပြီဖြစ်တဲ့ အဘွားအို အိုင်ရီနီ အိုးရှေးကတော့ ယခုအခါ ကမ္ဘာ့ အသက်အကြီးဆုံးသော လေထီးခုန်သူ ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အဘွား အိုင်ရီနီဟာ သြစတြေးလျနိုင်ငံတောင်ပိုင်း ဝေဟင်မှာ အမြင့်ပေ ၁၄,၀၀၀ (မီတာ ၄,၃၀၀) ကနေ အောက်ကို ထိုးဆင်းခုန်ချပြီး ခုလို ကမ္ဘာ့စံချိန်ကို တင်လိုက်နိုင်တာဖြစ်ပါတယ်။
အဘွားအိုကတော့ skydiving လို့ခေါ်တဲ့ လေယာဉ်ပေါ်ကနေ ကောင်းကင်ထဲ ထိုးဆင်းပြီး မိမိလိုရာကို ဦးတည်ဝဲဆင်းကာ သင့်တင့်တဲ့ အမြင့်ပေရောက်မှ လေထီးဖွင့် ရတဲ့ လေထီးခုန်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
တစ်နာရီ မိုင် ၁၄၀ နှုန်းနဲ့ အမြင့် လေထီးခုန်အပြီးမှာတော့ သူမကတော့ ဘာမှ သိပ်မထူးဘဲ ပုံမှန်အတိုင်းပဲ ခံစားရကြောင်း ပြောသွားပါတယ်။
အဘွား အိုင်ရီနီဟာ ပထမဆုံးသော လေထီးခုန်ခြင်းကို သူမ အသက် ၁၀၀ ပြည့်တဲ့ ၂၀၁၆ ခုနှစ်က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က အောင်မြင်မှုကတော့ အသက် ၁၀၂ နှစ်နဲ့ ၁၉၄ ရက်ရှိ အဘွားအို အိုင်ရီနီကို ကမ္ဘာ့အသက်အကြီးဆုံး လေထီးခုန်သူအဖြစ် သမိုင်းစာအုပ်ထဲမှာ ရေးသွင်းခံရဖို့ ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း စီစဉ်သူတွေက ပြောပါတယ်။
အဘွား အိုင်ရီနီကတော့ လာမယ့်နှစ်မှာလည်း ခုလိုမျိုး ထပ်ပြီး လေထီးခုန်သွားဦးမှာ ဖြစ်ကြောင်း ပြောသွားခဲ့ပါသေးတယ်။