ဗန်ကူးဗား၊ ဒီဇင်ဘာ ၈ ။ ။ ကနေဒါနိုင်ငံ ဗန်ကူးဗား တရားရုံးအပြင်ဖက်မှာတော့ သောကြာနေ့က မီဒီယာသမားတွေနဲ့ ပြည့်နှံ့လို့ နေခဲ့ပါတယ်။
ဟွာဝေး တည်ထောင်သူရဲ့ သမီးဖြစ်ပြီး ဘဏ္ဍာရေးအရာရှိချုပ်လည်း ဖြစ်တဲ့ မန်ဝန်ကျို့ကို လိမ်လည်မှုနဲ့ တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက စောင့်ဆိုင်းသတင်းယူနေကြတာပဲ ဖြစ်ပါတယ်။
မန်ဝန်ကျို့ဟာ ဒဏ်ခတ်ပိတ်ဆို့ထားတာကို ချိုးဖောက်ပြီး အီရန်နဲ့ စီးပွားရေးလုပ်ဆောင်တယ်ဆိုကာ လိမ်လည်မှု ပြစ်မှုနဲ့ တရားရုံးမှာ သောကြာနေ့က စစ်ဆေးကြားနာခဲ့တာပါ။
အမေရိကန် မေတ္တာရပ်ခံချက်နဲ့ ကနေဒါနိုင်ငံဟာ ပြီးခဲ့တဲ့ စနေနေ့က မန်ဝန်ကျို့ကို ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။ ဟောင်ကောင်ကနေ မက္ကဆီကိုဆီ သွားမယ့် ခရီးစဉ် အကူးအပြောင်းမှာ ကနေဒါနိုင်ငံက ဗန်ကူးဗားမြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
၎င်းကို တရားခံလက်လွှဲပေးအပ်ဖို့လည်း အမေရိကန်က တောင်းဆိုလျက် ရှိနေပါတယ်။ ကနေဒါမှာရှိတဲ့ တရုတ်သံရုံးကတော့ မန်ဝန်ကျို့ကို ချက်ချင်းပြန်လွှတ်ဖို့ တောင်းဆိုထားပါတယ်။
ခုလို မန်ဝန်ကျို့ကို ဖမ်းဆီးတရားစွဲတာဟာဆိုရင် ကုန်သွယ်ရေးစစ်ပွဲကို ယာယီအပစ်ရပ်ထားတဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီး အမေရိကန်နဲ့ တရုတ်ကြားမှာ တင်းမာမှုတွေ ပြန်ဖြစ်ပွားလာအောင် အမေရိကန်ဖက်က နှိုးဆွလိုက်သလိုလည်း ဖြစ်နေပါတယ်။
ဟွာဝေးကုမ္ပဏီကတော့ ဘယ်လိုဥပဒေမျိုးမှ မချိုးဖောက်ကြောင်း ပြောဆိုထားပါတယ်။