ဒီဇင်ဘာ ၄ ။ ။ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဗီယင်နာတိရိစ္ဆာန်ရုံမှာ နေထိုင်လျက်ရှိတဲ့ ပန်ဒါဝက်ဝံအမြွှာပူး နှစ်ကောင်ကို တရုတ်ပြည်၊ စီချွမ်ပြည်နယ်သို့ ပြန်ပို့လိုက်ပြီလို့ တာဝန်ရှိအကြီးအကဲတွေက ယမန်နေ့ကပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဖူဖန်းနဲ့ ဖူဘန်းလို့ အမည်ရတဲ့ ပန်ဒါဝက်ဝံအမြွှာပူး နှစ်ကောင်ဟာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ၊ သြစတြီးယားနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၂ နှစ်ကျော်ရှိပြီဖြစ်ပါတယ်။
ဖူဖန်းနဲ့ ဖူဘန်းတို့ဟာ ၎င်းတို့ရဲ့ မိခင် ပန်ဒါဝက်ဝံမကြီး ယန်ယန်နဲ့အတူ ဗီယင်နာတိရိစ္ဆာန်ရုံမှာ ၂ နှစ်ကျော်နေထိုင်လာခဲ့တာဖြစ်ပါတယ်။
တရုတ်နဲ့ ညှိနှိုင်းထားတဲ့ သဘောတူညီချက်အရ အသက် ၂ နှစ်ပြည့်ပြီးဖြစ်တဲ့ ပန်ဒါဝက်ဝံလေးတွေကို ပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်။
“ဖူဖန်း၊ ဖူဘန်းတို့နဲ့ တရုတ်ပြည်မှာ နှစ်ပတ်ကျော်လောက် နေဖြစ်မယ်။ သူတို့ ဟိုမှာ နေသားကျသွားတဲ့အချိန်အထိပေါ့။ ဟိုက လူတွေလည်း ပန်ဒါဝက်ဝံတွေအကြောင်း ကောင်းကောင်းနားလည်တယ်ဆိုပေမယ့် တစ်ကောင်နဲ့တစ်ကောင် မတူဘူးလေ။”လို့ ဖူဖန်းနဲ့ ဖူဘန်းတို့ကို လိုက်လံစောင့်ရှောက်မယ့် ရီနိတ် ဟိုင်တာက ပြောပါတယ်။