မကွေး၊ နိုဝင်ဘာ ၂၉ ။ ။ မကွေးမြို့နယ်အတွင်းရှိကျေးရွာများ၌ ဝါခေါင်းလအတွင်းကစိုက်ပျိုးထားသည့် ဆောင်းမြေပဲများသိမ်းချိန်တွင် အထွက်နှုန်းကျ၍ ပဲစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း တောင်သူများ၏ပြောပြချက်အရ သိရသည်။
ဆောင်မြေပဲပင်များ မြေပဲဥဥရန် ဇွယ်ချချိန်တွင် မိုးမရွာသောကြောင့် မြေပဲဥများဥသင့်သလောက် မဥ နိုင်သဖြင့် ဆောင်းမြေပဲများသိမ်းချိန်တွင် အထွက်နှုန်းကျဆင်းကာ တောင်သူများအရှုံးပေါ်ခြင်း ဖြစ်ကြောင်း မကွေး မြို့နယ် ပုထိုးကျေးရွာမှ တောင်သူ ဦးမျိုးညွန်က ပြောသည်။
"မိုးလေဝသမမှန်တဲ့အတွက် မြေပဲဥကဥသင့်သလောက်မဥတော့ အရှုံးပေါ်တာပေါ့။ မြေပဲထွက်နှုန်းတော်တော် ကျတယ်။ မြေပဲအဆံတစ်တင်းစိုက်ပျိုးရင် မြေပဲအတောင့်တင်းရေ(၃ဝတင်းမှ၃၅)တင်း အထိ မိုးလေဝသမှန်ရင် ထွက်တယ်။ ဒီနှစ်ကတော့ မြေပဲဆံတစ်တင်းစိုက်ပျိုးရင် မြေပဲတောင့် (၁ဝတင်းနဲ့၁၅)တင်း ဆိုတာ အလွန်ဆုံး ထွက်တာပဲ။ ထက်ဝက်လောက်ထွက်နှုန်းကျတော့ရှုံးတာပေါ့” ဟု ၎င်းကပြောသည်။
မြေပဲခင်းတစ်ဧကလျှင် မြေပဲမျိုးဆံဖိုး၊ စိုက်ပျိုးစရိတ်၊ အလုပ်သမားခ၊ ဓာတ်မြေသြဇာ ပိုးသတ်ဆေးရည် စသည့်ကုန်ကျစရိတ်အပါအဝင် စုစုပေါင်း(၆၀၀၀၀၀) ကျပ်ခန့်ကုန်ကျသော်လည်း မြေပဲသိမ်းချိန်တွင် ပြန်ရရှိသည့် ငွေကြေးမှာ ငွေကျပ်(၅၀၀၀၀၀)ကျပ်ခန့်သာပြန်ရရှိသဖြင့် တောင်သူများအရှုံးပေါ်ကြောင်း မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာမှ တောင်သူဦးအောင်နေလင်းကပြောသည်။
"မြေပဲအတောင့်စျေးကလည်း ထင်သလောက်မကောင်းဘူး။ မြေပဲပေါ်ချိန်မှာ မြေပဲအတောင့် တစ်တင်း တစ်သောင်းကျော်ကျော် တစ်သောင်းလောက်ရောင်းရမယ်ထင်ထားတာ။ မြေပဲအတောင့်အစိုတစ်တင်း (၈၀၀၀)ကျော်နဲ့ မြေပဲအတောင့်အခြောက်တစ်တင်း (၉၀၀၀)ကျော်နဲ့ပဲရောင်းရတယ်။ မြေပဲကောင်းရင် ကောင်းတဲ့စျေး၊ မကောင်းရင်မကောင်းတဲ့စျေးနဲ့ရောင်းရပါတယ်” ဟု တောင်သူဦးမျိုးညွန့်က ဆိုသည်။
မကွေးတိုင်းဒေသကြီးအတွင်း (၂၀၁၈-၂၀၁၉)ခုနှစ်အတွင်း ဆောင်းမြေပဲစိုက်ဧကမှာ(၁၀)လပိုင်းအထိ (၅၁၅၉၁)ဧကစိုက်ပျိုးပြီး မကွေးမြို့နယ်တွင် ဆောင်းမြေပဲစိုက်ဧက(၁၀၄)ဧကစိုက်ပျိုးကြောင်း မကွေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။