မကွေး၊ နိုဝင်ဘာ ၂၈ ။ ။ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၊ ညောင်လှနယ်မြေရဲစခန်း၏ မြောက်ဘက်(၂)လုံခန့်အကွာရှိ GOLD-PETROL ကုမ္မဏီ ကားပါကင်ဝန်းအတွင်း လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးကို နိုဝင်ဘာလ ၂ရရက် ည ၉နာရီ ခွဲအချိန်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“GOLD-PETROLကုမ္မဏီကားပါကင်ဝန်းကို သွားရောက်စစ်ဆေးခဲ့တဲ့အခါမှာ မကွေးမြို့၊ ရန်မျိုးအောင်ရပ်ကွက် နေထိုင်သူ ဇင်ကျော်ဝေ(၂၃)နှစ်ကို LEXUS LS-460 အမျိုးအစားအနက်ရောင်လိုင်စင်မဲ့မော်တော်ယာဉ်(၁)စီး နှင့်အတူစစ်ဆေးတွေ့ရှိခဲ့ရပါတယ်” ဟု ညောင်လှနယ်မြေရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေနံချောင်းမြို့၊ရွှေကြာငုံရပ်ကွက်တွင်နေထိုင်သော ကိုဇေဟိန်းမြတ် ပိုင်ဆိုင်သည့် ယာဉ်အမျိုးအစားနှင့် ယာဉ်နံပါတ်တူညီသော မော်တော်ယာဉ်တစ်စီးအား GOLD-PETROL ကုမ္မဏီကားပါကင်ဝန်းအတွင်း တွေ့ရှိခဲ့ကြောင်း သတင်းပေးချက်အရ ညောင်လှနယ်မြေရဲစခန်းမှဒုရဲအုပ်မျိုးတင့်နှင့်အဖွဲ့သည် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများအား သက်သေအဖြစ်ခေါ်ဆောင်ကာ သွားရောက်စစ်ဆေးခဲ့ကြကြောင်းသိရသည်။
“သက်သေတွေကို ရှာဖွေပုံစံနဲ့ သိမ်းဆည်းထားပြီးဇင်ကျော်ဝေကိုဒုရဲအုပ်မျိုးတင့်က တရားလိုပြုလုပ်တိုင်တန်း ခဲ့ပါတယ်။ ညောင်လှနယ်မြေစခန်းမှူးရဲအုပ်မိုးနိုင်ဦးက အမှုလက်ခံစစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်”ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဇင်ကျော်ဝေ(၂၃)နှစ်အား ညောင်လှနယ်မြေရဲစခန်းတွင် ပအမှတ်(ပ)၈၁/၂၀၁၈၊ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။