မနီလာ၊ နိုဝင်ဘာ ၂၇ ။ ။ ဖိလစ်ပိုင် လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်ပြီး အာဏာရှင်ဟောင်း မားကို့စ်ရဲ့ ကျန်ရစ်သူ မုဆိုးမတစ်ဦးလည်း ဖြစ်တဲ့ အမ်မယ်ဒါမားကို့စ်ဟာ သူ့အပေါ် တရားရုံးတစ်ရုံးက ချမှတ်ထားတဲ့ အကျင့်ပျက်ခြစားမှု ပြစ်ဒဏ်ကို တရားရုံးချုပ်တင်ပြီး အယူခံဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အကျင့်ပျက်ခြစားမှု ခုံရုံးဟာ အသက် ၈၉ နှစ်ရှိ အမ်မယ်ဒါမားကို့စ်ကို ၎င်း မနီလာမြို့တော်ဝန်အဖြစ် ၁၉၇၅ မှ ၁၉၈၆ ခုနှစ်အတွင်း ထမ်းဆောင်ခဲ့စဉ်က ကျူးလွန်ခဲ့တဲ့ အကျင့်ပျက်ခြစားမှု ခုနစ်မှုမှာ အပြစ်ရှိကြောင်း နိုဝင်ဘာ ၉ ရက်က စီရင်ချက်ချကာ ထောင်ဒဏ် ခြောက်နှစ်မှ ၁၁ နှစ်ကြား ပြစ်ဒဏ်အသီးသီးကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အမ်မယ်ဒါဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ဖာဒင်နန်မားကို့စ် နိုင်ငံကို ၁၉၆၅ ကနေ ၁၉၈၆ ခုနှစ် အုပ်ချုပ်စဉ်မှာ ဖိလစ်ပိုင်ရဲ့ First Lady တစ်ဦး ဖြစ်ခဲ့သူပါ။
မားကို့စ် လက်ထက်မှာ ၁၉၇၂ ကနေ ၁၉၈၆ ခုနှစ် ကိုးနှစ်တာကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တာ ဖြစ်ပြီး ဒီကာလအတွင်းမှာ လူပေါင်း ၃၂၄၀ အသတ်ခံခဲ့ရပါတယ်။ ဖမ်းဆီးထောင်ချခံရသူပေါင်း ခုနစ်သောင်း ရှိပြီး ၃၄၀၀၀ ဟာ နှိပ်စက်ညင်းပန်းခံခဲ့ရတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့အရ သိရပါတယ်။
၁၉၈၆ ခုနှစ်မှာတော့ ပြည်သူတွေရဲ့ ငြိမ်းချမ်းတဲ့ တော်လှန်အုံကြွမှုနဲ့ အစိုးရကို ဖြုတ်ချလိုက်တဲ့နောက်မှာတော့ မားကို့စ်မိသားစုဟာ ဟာဝိုင်ယီကို ခိုလှုံထွက်ပြေးခဲ့ရပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ မားကို့စ်သေဆုံးခဲ့ပါတယ်။
အမ်မယ်ဒါနဲ့ မားကို့စ်သားသမီးတွေဟာ ၁၉၉၂ ခုနှစ်မှာ ဖိလစ်ပိုင်ဆီ ပြန်လည်ရောက်ရှိနေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အမ်မယ်ဒါဟာ စွဲချက်ပေါင်း ၄၀၀ ကျော်နဲ့ ရင်ဆိုင်နေရပေမယ့် ခုချိန်ထိ ထောင်ကျသေးခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။