ရန်ကုန်၊ နိုဝင်ဘာလ ၂ဝ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်းမှ အငူမော်ဆိပ်ကမ်းသို့ ထွက်ခွာမည့် ရခိုင့်စီးပွားရေးဦး ဆောင်အများနှင့်သက်ဆိုင်သောကုမ္ပဏီပိုင် ကမ်းထိုးဇက်ရေယာဉ်ပေါ်တင်ဆောင်ထားသည့် မော်တော်ယာဉ် ထဲမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၂ဝ,ဝဝဝ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ဇက်ရေယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် KLUGER မော်တော်ယာဉ်၏ နောက်ခန်းရှိ အံဝှက် အတွင်းမှ ကျပ်သိန်းပေါင်း ၁၈၆ဝဝ တန်ဖိုးရှိ R တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား အပြားပေါင်း ၆၂,ဝဝဝဝ အား ရှာဖွေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၂ဝ ရက်တွင် သတင်းထုတ်ပြန်ထား သည်။
ယာဉ်မောင်းဖြစ်သူမှာ မောင်တောမြို့နယ်တွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် ကျော်နိုင်ဆိုသူ ဖြစ်ပြီး ယင်းမူးယစ်ဆေးဝါးများကို ရဲတပ်ဖွဲ့မှ နိုဝင်ဘာလ ၁၉ ရက်၊ နံနက် ၇ နာရီခွဲခန့်တွင် ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်ပြီး လက်ရှိ၌ စစ်တွေမြို့မရဲစခန်းတွင် မူးယစ် (ပ)၆ဝ/၂ဝ၁၈၊ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စုံစမ်းလျှက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။