နိုဝင်ဘာ ၁၈။ ။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းကို အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားခဲ့ပြီးနောက် ယခုအခါ သေဆုံးသူဦးရေဟာ ၃၃ ဦးအထိ ရှိသွားပြီ ဖြစ််ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အဆိုပါ အားပြင်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဆုံးရှုံးမှု အခြေအနေတွေကို အာဏာပိုင်တွေက လေ့လာတွက်ချက်နေလျက် ရှိပါတယ်။
အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၁၂၀ နှုန်း (၇၅ မိုင်) နှုန်းရှိ ဆိုင်ကလုန်း ဂါဂျာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က နိုင်ငံကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက် တမီလ်နာဒူးပြည်နယ်ကို တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။
မုန်တိုင်းကြောင့် သစ်ပင်ပေါင်း ထောင်နဲ့ချီ အမြစ်ကျွတ်လဲကျပြီး နေအိမ်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ဒါ့အပြင် လူပေါင်းသိန်းနဲ့ချီတို့လည်း ဘေးလွတ်ရာ ခိုလှုံရေးစခန်းတွေကို ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။
“ ခုချိန်ထိတော့ အမျိုးသား အယောက် ၂၀ ၊ အမျိုးသမီး ၁၁ ဦး၊ ကလေး နှစ်ဦးတို့ ဒီဆိုင်ကလုန်းကြောင့် သေဆုံးသွားခဲ့ကြရပါပြီ၊ လူပေါင်း ၁၇၇,၅၀၀ တို့လည်း ကမ့်စခန်း ၃၅၁ ခုမှာ ခိုလှုံနေကြရပါတယ်” ဆိုပြီး အမည်မဖော်လိုသူ ပြည်နယ် တာဝန်ရှိသူတစ်ဦးက ပြောသွားပါတယ်။