နိုဝင်ဘာ ၁၈ ။ ။ နိုင်ငံတကာ မူးယစ်မှောင်ခိုဂိုဏ်းတစ်ခုကို စီးနင်းရှာဖွေဖမ်းဆီးတဲ့ စစ်ဆင်ရေးတစ်ခုမှာ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူ ၁၁ ဦးနဲ့ ကိုကင်း ကီလိုဂရမ် ၆၅၀ (၁,၄၃၃ ပေါင်) တို့ကို စပိန်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် မူးယစ်နှိမ်နင်းရေး အာဏာပိုင်အဖွဲ့၊ ကိုလံဘီယာ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ရဲ့ အကူအညီကို ရယူပြီး စပိန်ရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံအနောက်မြောက်ပိုင်းက Galicia ဒေသမှာ မူးယစ်ဂိုဏ်းတစ်ခု အသုံးပြုခိုအောင်းနေတဲ့ နေအိမ်တစ်လုံးကို အောင်မြင်စွာ ထောက်လှမ်းစောင့်ကြည့်နိုင်ခဲ့တာဖြစ်ပါတယ်။
ယင်းနောက် အဆိုပါ နေအိမ်ကို ဝင်စီးနင်းခဲ့ရာမှာ ကိုကင်း တန်ချိန် ထက်ဝက်ခန့်မျှကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်မှောင်ခိုကုန်ကူးသူတွေ အသုံးပြုခဲ့တဲ့ ကားတစ်စီးကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ယင်း စီးနင်းမှုမှာ သံသယရှိသူ ခြောက်ဦးကို ယင်း Galicia ဒေသမှာထိန်းသိမ်းထားပြီး ကျန်ငါးဦးကိုတော့ မြို့တော် မက်ဒရစ်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဒါဟာ ကိုလံဘီယာ စုံံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ သတင်းပေးမှုကြောင့် ယခု မူးယစ်ဂိုဏ်းအဖွဲ့ကို စပိန်ရဲတပ်ဖွဲ့တို့ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။