ရီးယဲလ်မက်ဒရစ်အသင်းဟာ ဆိုလာရီကို အသင်းရဲ့ တရားဝင်နည်းပြအဖြစ် ခန့်အပ်လိုက်ပြီး အာဂျင်တီးနားနည်းပြကို စာချုပ်သစ်ချုပ်ဆိုမှာဖြစ်တယ်လို့ သိရပါတယ်။
“ရီးယဲလ်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဟာ နိုဝင်ဘာ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ပြီး ဆိုလာရီးကို ပထမအသင်းကြီးရဲ့ နည်းပြအဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ ကိုင်တွယ်ဖို့ သဘောတူညီခဲ့ပါတယ်။”လို့ ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ရီးယဲလ်အသင်းဟာ လာလီဂါမှာ ရလဒ်ဆိုးရွားနေတာကြောင့် အောက်တိုဘာ ၂၉ ရက်က လိုပယ်တီဂူကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ဆိုလာရီကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အသင်းဟာ နောက်ဆုံး ၄ ပွဲစလုံး အနိုင်ရရှိခဲ့ပါတယ်။
အသက် ၄၂ အရွယ်ရှိ နည်းပြ ဆိုလာရီဟာ ရီးယဲလ်အသင်းကို လာလီဂါအမှတ်ပေးဇယား အဆင့် ၉ နေရာမှ ၆ နေရာအထိ ဆွဲတင်ပေးခဲ့ပါတယ်။
ဆိုလာရီဟာ ရီးယဲလ်ကစားသမားအဖြစ် ၅ ရာသီကြာ ကစားခဲ့ပြီး နည်းပြဘဝကိုတော့ ရီးယဲလ်အသင်းနဲ့ပဲ စတင်ခဲ့ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်မှာ ရီးယဲလ်လူငယ်အသင်း နည်းပြအဖြစ် စတင်ခဲ့ပြီး နောက် ၃ နှစ်အကြာမှာတော့ ရီးယဲလ်အရန်အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။
ဆိုလာရီဟာ ရီးယဲလ်အသင်းနဲ့အတူ လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။
(EFE_EPA)