ရန်ကုန်၊ နိုဝင်ဘာလ ၁၂ ။ ။ မန္တလေးတိုင်းဒေသကြီး၊ တံခွန်တိုင်ရပ်ကွက်၊ ရန်ကုန်- မန္တလေးကားလမ်း၊ စက်မှုလယ်ယာဝန်ထမ်းလိုင်းရှေ့ တွင် အမျိုးသမီးတစ်ဦးအား သစ်သားတုတ်ဖြင့် ရိုက်ပြီး ဖုန်းလုယက်ခဲ့သူ ပိုင်စိုးကျော်သူ အပါအဝင် ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေသူ အမျိုးသမီးအား ပိုင်စိုးကျော်(ခ)ကိုပိုင်ဆိုသူမှ သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ပြီး ယင်းအမျိုးသမီးထံမှ My Phone အမျိုးအစား လက်ကိုင်ဖုန်းအား လုယက်ယူဆောင်ခဲ့ခြင်းဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြည်ကြီးတံခွန် ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ နိုဝင်ဘာလ ၁ဝ ရက်နေ့၊ ည ၉ နာရီအချိန် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ရှေ့တွင် ယာဉ်များအားပိတ်ဆို့ရှာဖွေနေစဉ် အသက် ၁၆ နှစ်အရွယ် ပိုင်စိုးကျော်၊ အသက် ၁၇ နှစ်အရွယ် အောင်နိုင်နှင့် လွင်ကိုကိုနိုင်တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရဲတပ်ဖွဲ့မှ ၎င်းတို့ ၃ ဦးစီးနင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အလယ်တွင်လိုက်ပါလာသူ လွင်ကိုကိုနိုင်ဆိုသူက အရှည် ၂၃ လက်မခန့်ရှိ သစ်သားတုတ်နှင့် My Phone အမျိုးအစား လက်ကိုင်ဖုန်းတို့အား မြေပြင်ပေါ် ပစ်ချလိုက်သဖြင့် မသင်္ကာ၍ စစ်မေးရာမှ ယင်းအမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
လက်ရှိတွင် အမျိုးသမီးအား သစ်သားတုတ်ဖြင့် ရိုက်ပြီး ဖုန်းလုယက်မှုကျူးလွန်ခဲ့သည့် ပိုင်စိုးကျော်အပါအဝင် ၃ ဦးထံမှ သက်သေခံဆိုင်ကယ်၊ သစ်သားတုတ်နှင့် လက်ကိုင်ဖုန်းတို့အား သိမ်းဆည်းခဲ့ပြီး ပြည်ကြီးတံခွန်မြို့ မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။