၀ါရှင်တန်၊ နိုဝင်ဘာ ၆ ။ ။ အီရန်နိုင်ငံအပေါ် ဖိအားပေးရာမှာ ညှာတာစိတ် ထားနေမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
အီရန်အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေဟာ မနေ့က စတင်အသက်ဝင်တာ ဖြစ်ပါတယ်။ အပြင်းထန်ဆုံး ချမှတ်တဲ့ အီရန်ရေနံအပေါ် ပစ်မှတ်ထားတဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ အီရန်နဲ့ ကုန်သွယ်ရေးလုပ်ဆောင်တဲ့ နိုင်ငံတွေကိုပါ ဒဏ်ခတ်ပိတ်ဆို့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ရေနံကဏ္ဍ ဒဏ်ခတ်ပိတ်ဆို့မှုမာ တရုတ်၊ အိန္ဒိယ၊ ဂရိ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ တူရကီတို့ကိုတော့ ယာယီကင်းလွတ်ခွင့်ပြုမှာ ဖြစ်တယ်လို့ ပွန်ပီယိုက ဆိုပါတယ်။
သမ္မတဟောင်း အိုဘားမားလက်ထက်မှာ အီရန်နဲ့ အင်အားကြီး ခြောက်နိုင်ငံရဲ့ ၂၀၁၅ အီရန်နျူကလီးယား သဘောတူညီမှုကို ချုပ်ဆိုခဲ့ကြပါတယ်။
ဒီသဘောတူညီမှုအရ အီရန်ဟာ ၎င်းရဲ့ နျူကလီးယားစီမံကိန်းတွေကို ရပ်ဆိုင်းရမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ ဆန်ရှင်တွေကို ရုပ်သိမ်းပေးထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီသဘောတူညီချက်ဟာ ပြည့်စုံခြင်း မရှိဘူးလို့ လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြီး နုတ်ထွက်သွားခဲ့တာ ဖြစ်တာကြောင့် ရုပ်သိမ်းထားတဲ့ အီရန်အပေါ် ဆန်ရှင်တွေက ပြန်လည်အသက်ဝင်လာခဲ့တာ ဖြစ်ပါတယ်။