ရန်ကုန်-မန္တလေး အမြန်လမ်းတို့ကို ချိတ်ဆက်ပေးရန် ပါဝင်သော မိုးပျံလေးလမ်းသွားလမ်းမကြီး တည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများကို စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (EOI) ကို တင်ပြနိုင်ကြောင်း ကြေညာထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်မည့် အဆိုပါစီမံကိန်းမှာ ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုံနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ကို ဆက်သွယ်ပေးရန် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး မိုးပျံလေးလမ်းသွားအမြန်လမ်းမကြီး တည်ဆောက်သွားမည့် စီမံကိန်းအတွက် စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ Engineering ပိုင်းကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ စီမံကိန်းတည်ဆောက်ခြင်း၊ လည်ပတ်ခြင်းနှင့် ပြုပြင်ထိမ်းသိမ်းရေးကဏ္ဍများ အတွက် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများကို PPP (Public Private Partnership ) အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။
ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ယခင် ၃ နှစ်စာ ဘဏ္ဍာရေးရှင်းတမ်းများအပါအဝင် လိုအပ်သော အချက်အလက်များဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာကို မေလ ၂၉ ရက်နေ့ ညနေ ၅နာရီမတိုင်မီ လျှောက်လွှာပေးပို့ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ဆိုပါက ၎င်းတို့၏ လက်ရှိ လုပ်ကိုင်ဆောင်ရွက်မှု နှင့် မြန်မာနိုက်ငံတွင်ပါဝင်ပတ်သက်မှုတို့အား ဖော်ပြလျှောက်ထားရန် မေလ ၁၈ ရက်က ကြေညာထားခြင်း ဖြစ်သည်။
PPP တင်ဒါခေါ်ယူရာတွင် စီမံကိန်းကို အပိုင်းလိုက်ခွဲ၍ International Finance Corporation ၏ အကူအညီဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။
အဆိုပါ EOI ခေါ်ဆိုမှုသည် ရင်းနှီးမြှုပ်နှံလိုသူများအတွက် တင်ဒါတင်သွင်းခြင်းတွင် ပါဝင်ရန် ဖိတ်ခေါ်ခြင်းကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
မိုးပျံလေးလမ်းသွားလမ်းမကြီး တည်ဆောက်ပါက ပထမဆုံး မိုးပျံအမြန်လမ်းမကြီး ဖြစ်လာနိုင်ဖွယ်ရာရှိကြောင်း တွေ့ရသည်။