စိန့်လူးဝစ်၊ ဆီနီဂေါ၊ မေ ၁၆ ။ ။ ဆီနီဂေါတက္ကသိုလ်၌ ထောက်ပံ့ကြေးပေးချေမှုနောက်ကျသောကြောင့် ကျောင်းသားများက အင်္ဂါနေ့က ဆန္ဒပြကြရာတွင် ရဲတပ်ဖွဲ့နှင့်အချင်းဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့၏ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျောင်းသားတစ်ဦး သေဆုံးခဲ့ရသည့်အတွက် နိုင်ငံတစ်ဝန်းရှိ အခြားသောတက္ကသိုလ်များသို့ပါ ဆန္ဒပြပွဲများကူးစက်သွားခဲ့သည်။
ဆီနီဂေါနိုင်ငံမြောက်ပိုင်း စိန့်လူးဝစ်မြို့ရှိ ဂတ်စ်တွန်ဘာဂါတက္ကသိုလ်၌ စတင်ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲအတွင်း ရဲအရာရှိ ၁၈ ဦးအပါအဝင် လူ ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များကဆိုခဲ့သည်။
“ကံမကောင်းစွာနဲ့ပဲ ယင်းဖြစ်စဉ်အတွင်း ကျောင်းသားတစ်ဦးသေဆုံးခဲ့ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီး အလီအန်ဂူရီ အန်ဒီယာယီက ဆိုခဲ့သည်။
သေဆုံးခဲ့သောကျောင်းသားမှာ မိုဟာမက်ဖော်လူစီနီအမည်ရှိ အသက် ၂၅နှစ်အရွယ် စတုတ္တနှစ်ကျောင်းသား ဖြစ်ပြီး ရရှိသောဒဏ်ရာများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု တက္ကသိုလ်က ထုတ်ပြန်ကြေညာခဲ့သည်။ ကျောင်သားများကမူ သူသည် သေနတ်နှင့်ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ပြောခဲ့ကြသည်။
“ဂတ်စ်တွန်ဘာဂါတက္ကသိုလ်က မိုဟာမက်ဖော်လူစီနီဆိုတဲ့ ကျောင်းသားတစ်ဦးသေဆုံးခဲ့ရတာနဲ့ပက်သက်လို့ ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းရပါတယ်” ဟု ဆီနီဂေါသမ္မတ မက်ခီဆောလ်က သူ၏တွစ်တာမှတဆင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး သမ္မတကြီးက “ဒီဖြစ်စဉ်မှာ တာဝန်ရှိတဲ့သူတွေကိုရှာဖွေအရေးယူဖို့ အစိုးရအဖွဲ့ကို ကျနော် ညွှန်ကြားထားပါတယ်” ဟုလည်း ဆိုခဲ့သည်။ ပြည်ထဲရေးဝန်ကြီးကမူ ကျောင်းသားများ၏ဆန္ဒပြပွဲမှာ ထောက်ပံ့ကြေးပြသနာကိုအခြေခံ၍ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
ထောက်ပံ့ကြေးမရရှိသည့်အတွက် ကျောင်းသားများသည် တက္ကသိုလ်ရှိကန်တင်းများ၌ ပိုက်ဆံပေးချေနိုင်ခြင်း မရှိပဲ စားသောက်နေရသောကြောင့် ဆန္ဒပြခဲ့ကြရာမှ ရဲတပ်ဖွဲ့ကဖြိုခွင်းရာတွင် အချင်းဖြစ်ပွားခဲ့ပြီး ယခုလို လူသေဆုံးမှုမျိုး ဖြစ်လာခဲ့ရခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏နှိမ်နင်းမှုကြောင့် ကျောင်းသားတစ်ဦးသေဆုံးသည်ကို သိလိုက်ရချိန်တွင် ဒေါသထွက်နေသော ကျောင်းသားများသည် တက္ကသိုလ်အုပ်ချုပ်ရေးအဆောက်အဦးထဲသို့ ၀င်ရောက်စီးနင်းခဲ့ကြသည်။ ဒါ့အပြင် ဆန္ဒပြပွဲများသည် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် ၄ ခုထက်မနည်းသို့ ကူးစက်သွားခဲ့ကြောင်း ဒေသတွင်းမီဒီယာ များက ဆိုခဲ့သည်။
၀န်ကြီးများကမူ ထောက်ပံ့ကြေးများကို ပေးချေမည်ဟု ကတိပေးခဲ့သည်။