သထုံ၊ မေ၊ ၁၃ ။ ။ ကျန်းမာရေးအရ မစားသုံးသင့်သော်လည်း ရာသီထွက် ဒေသအစားအစာအဖြစ် ဒေသခံများက တညင်းသီးကို ကြိုက်နှစ်သက်စွာဝယ်ယူ စားသုံးကြကြောင်း ဒေသခံများထံမှ သိရသည်။
"ကျွန်မတို့က ကောက်စိုက်ချိန်မှာ နေ့စားတွေကို ကျွေးဖို့ ကြိုပြင်ထားရတယ်လေ။ မျှစ်တို့ ၊ တညင်းချဉ်ဖတ်နဲ့ သစ်တိုသီးတွေကို။ အခုနှစ်မှာ တစ်ထောင်ကျော်တော့ ဝယ်ထားခဲ့တယ်။ တစ်လုံးကို ၂၀၊ ၂၅ကျပ်နဲ့"ဟု သထုံမြို့နယ် မရမ်းကုန်းကျေးရွာမှ မမီးမီးကပြောသည်။
ယမန်နှစ်က သထုံနယ်တွင် တညင်းများ မပွင့်သည့်အတွက် ယခုနှစ်တွင် ဒေသထွက် ရာသီအစားအစာအဖြစ် ဝယ်ယူကြကြောင်း ဒေသခံ အိမ်ရှင်မများထံမှ သိရသည်။
"ငံပြာရည် ကြော်ချက်နဲ့ တညင်းသီးမီးဖုတ် တို့ရရင် ဆွေမျိုးပါမေ့တယ်"ဟု သထုံ ဇရစ်ချောင်ကျေးနယ်အုပ်စု ထီဝိုင်ရွာမှ မသက်သက်ကဆိုသည်။
အဆိုပါ တညင်းသီးကို ယခုနှစ်တွင် ဝယ်ယူသူအများစုမှာ အိမ်ရှင်မများဖြစ်ပြီး ဈေးကွက်လိုအပ်ချက် အားလျော်စွာ သထုံ ဒေသအပြင် ပဲခူး၊ ရန်ကုန်တို့သို့လည်း ပို့ဆောင်ရောင်းချကြောင်း တညင်းသီး သီးစား ခြံချုပ် ဝယ်ရောင်းဖြန့်ချိသူ ဒေါင်းရွာနေ ဦးဖေအောင်ထံမှ သိရသည်။