ဖားကန့် မြေစာပုံပြိုကျ၊ လူ ၁၄ ဦး သေဆုံးပြီး ဆက်လက်ရှာဖွေနေ

ဖားကန့် မြေစာပုံပြိုကျ၊ လူ ၁၄ ဦး သေဆုံးပြီး ဆက်လက်ရှာဖွေနေ

ရန်ကုန် ၊ ဧပြီ ၄ ။         ။ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝေခါကျေးရွာအနီးရှိ မြေစာပုံသည် ယနေ့ မေလ ၄ ရက်၊ နံနက် ၄ နာရီဝန်းကျင်ခန့်က ပြိုကျမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄ ဦး ရှိနေသည်ဟု ကချင်ပြည်နယ် ဖားကန့်ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"အခုလောလောဆယ် အလောင်းဖော်လို့ရတာကတော့ ၁၄ လောင်း ရပြီလို့ သိရပါတယ်။ ဘတ်ဖိုး(မြေတူးစက်) လေးစီးနဲ့ ရှာဖွေနေပါတယ်" ဟု ဦးခင်မောင်မြင့်ကဆိုသည်။

ကုမ္ပဏီများက ရေမဆေးလုပ်သားများကို နံနက် ၄ နာရီမှ ၆ နာရီအချိန်အထိ လုပ်ကွက်အတွင်း၌ ကျောက်စိမ်း ၀င်ရောက်ရှာဖွေခွင့်ပြုထားပြီး ယင်းသို့ခွင့်ပြုထားသည့် အချိန်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။

"ရေမဆေးသမားတွေကို ကုမ္ပဏီက ၀င်ရှာခွင့်ပြုတယ်လေ။ အဲ့အချိန်မှာ ကမ်းပါးယံကို ထောင်းတဲ့အချိန်မှာ ပြိုကျတာပေါ့ဗျာ" ဟု ဦးခင်မောင်မြင့်က ပြောသည်။

ကျောက်မျက်ရွှေပြည် ကုမ္ပဏီနှင့် သစ်ရွက်စိမ်းကုမ္ပဏီ နှစ်ခုစပ်ကြားရှိ မြေစာပုံပြိုကျခြင်းလည်းဖြစ်သည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ပြီး ထွက်ရှိလာသော မြေစာများသည် မကြာခဏ ဆိုသလို ပြိုကျမှုများ ရှိနေကာ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly