ဧပြီ ၅ ။ ။ တပ်မတော်နှင့် တပ်မတော်မိသားစုဝင်များ ထိခိုက်စေသဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်က တရားလိုပြုပြီး ပုဒ်မ ၅၀၀၊ ပုဒ်မ ၅၀၀/၃၄ တို့ဖြင့် ဦးတိုက် လျှောက်ထားခဲ့သည့်အမှုအား ဧပြီလ ၄ ရက်နေ့တွင် ပုသိမ်မြို့နယ်တရားရုံးမှ ဒဏ်ငွေ ချမှတ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်၊ ဇန်နဝါရီလတွင် ပုသိမ်ဟိုတယ်၌ ငြိမ်းချမ်းရေးနှင့်ပတ်သက်သော သဘောထားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ကိုအောင်ခန့်ဇော်ပါ ကျောင်းသားများ ပြဇာတ် ကပြခဲ့ရာ တပ်မတော်နှင့် တပ်မတော် မိသားစုဝင်များကို အသရေပျက်စေရန်ရည်ရွယ်ပြီး ကပြခဲ့သည်ဟု ဆိုပြီး ကိုအောင်ခန့်ဇော် ပါ ၉ ဦးအား အရေးယူပေးပါရန် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပုသိမ်မြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ ၅၀၀ အမှုဖြင့် တရားစွဲခံရသည် ကိုအောင်ခန့်ဇော်နှင့်ကိုမြတ်သူထက်တို့နှစ်ဦးအား ဒဏ်ငွေ ၅၀၀၀၀ကျပ် ပေးဆောင်ရန်နှင့် မဆောင်ပါက ထောင်ဒဏ် ၆လ ကျခံစေ၊ပြဇာတ်တွင် ပါဝင် ကပြခဲ့သူ ကျောင်းသား ၆ ဦးအား ပုဒ်မ ၅၀၀/ ၃၄ အရ ဒဏ်ငွေ ၃၀၀၀၀ ကျပ် ပေးဆောင်ရန် မဆောင်ပါက ထောင်ဒဏ် ၃လ ကျခံစေဟုဆိုပြီး ပုသိမ်မြို့နယ်တရားရုံးတွင် ဧပြီလ ၄ ရက်နေ့၌ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“အခုလုပ်တဲ့ပွဲက ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ တင်ဆက်တာ ဖြစ်တယ်။ တရားသူကြီး ဒဏ်ငွေ ချတယ် ။ ကျွန်တော့်ကို ပြောတယ် ။ တစ်ယောက်ကို ဒဏ်ငွေ ငါးသောင်းကျပ် မဆောင်ပါက ထောင် ဒဏ် ခြောက်လ၊တခြား ကလေးတွေကိုတော့ ဒဏ်ငွေ သုံးသောင်း မဆောင်လျှင် ထောင်ဒဏ် သုံးလ အမိန့်ချတယ်၊ကျွန်တော်တို့ ဒဏ်ငွေဆောင်လိုက်တယ် ”ဟု တရားစွဲခံရသူ ကိုအောင်ခန့်ဇော် က မဇ္ဈိမသို့ပြောသည်၊
အမှုအား တစ်နှစ်ကျော်စစ်ဆေးပြီး ဒဏ်ငွေသာ ပုသိမ်မြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပြဇာတ်ကပြခဲ့သူများအပြင် ထိုပြဇာတ်ကို ဖေ့စ်ဘုတ်ပေါ်တင်သည့် ဦးထွန်းထွန်းဦးဆိုသူကိုလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်က တရားလိုပြုကာ အမှုဖွင့် တိုင်တန်းထားသေးသည်။