မတ်၂၈ နေပြည်တော် ။ ။ မြန်မာနိုင်ငံ၏ ၁၀ ယောက်မြောက် နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ဦးဝင်းမြင့်ကို ယနေ့ ရွေးချယ်တင်မြှောက်လိုက်သည်။
လစ်လပ်နေသည့် နိုင်ငံတော်သမ္မတရာထူးနေရာအတွက် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲအစီအစဉ်ကို ယနေ့ မတ်လ ၂၈ ရက်နေ့၊ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ သတ္တမပုံမှန်အစည်အဝေး (၂၀)ရက်မြောက်နေ့တွင် မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ် တင်မြှောက်ထားသည့်ဒုတိယသမ္မတ ဦးဝင်းမြင့်၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြှောက်ထားသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြှောက်ထားသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေတို့ အနက် ဦးဝင်းမြင့် ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ဦးဝင်းမြင့်က ၄၀၃ မဲ၊ ဦးမြင့်ဆွေက ၂၁၁ မဲ၊ ဦးဟင်နရီဗန်ထီးယူက ၁၈ မဲ၊ ပယ်မဲ ၄ မဲ ရှိကြောင်းသိရသည်။
ယနေ့ပြည်ထောင်စုလွှတ်တော် မဲအခြေအနေအရ ဦးမြင့်ဆွေက ဒုတိယ သမ္မတ(၁)အဖြစ် ဆက်လက်ရွေးချယ်ခံရပြီး ဦးဟင်နရီဗန်ထီးယူ က ယခင်အတိုင်း ဒုတိယသမ္မတ(၂) အဖြစ် ရွေးချယ်ခံခဲ့ရသည်။
၉ ဦးမြောက်နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မတ်လ(၂၁)ရက်နေ့က ရာထူးမှနုတ်ထွက်သွားခဲ့သည်။
ယနေ့နိုင်ငံတော်သမ္မတရွေးချယ်မှုကို နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လေ့လာသူအဖြစ်တက်ရောက်ခဲ့သည်။