ရန်ကုန်၊ မတ်လ ၂၂ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နဘား- ကသာ မီးရထားလမ်း မိုင်တိုင် (၅၈၉/၁၄-၁၅)ကြား တံတားအမှတ်(၅၉ဝ) အောက်တွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
အဆိုပါ အမျိုးသမီး ရုပ်အလောင်းကို မတ်လ ၂၁ ရက်၊ ညနေ ၅ နာရီ၊ ၄၅ မိနစ်အချိန်ခန့်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လည်ပင်းအောက်ပိုင်း ထိုးသွင်းဒဏ်ရာ ၃ ချက်၊ လည်ပင်းယာဘက်ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာ ခြေသလုံး ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့ သေဆုံးလျက်တွေ့ရှိခဲ့သည့် ရုပ်အလောင်းအား အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့မှ မြို့နယ်ဆေး ရုံသို့ ပို့ဆောင်ခဲ့ပြီး အင်းတော်မြို့မရဲစခန်းတွင် (ပ)၄ဝ/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂(လူသတ်မှု)ဖြင့် အမှုဖွင့် စုံးစမ်းခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့မှ စုံးစမ်းခဲ့ရာ သေဆုံးသူ မိန်းကလေးနှင့် အတူသွားလာခဲ့သည့် အသက် ၃၉ နှစ်အရွယ် သိန်းစိုးဆိုသူ ကို နဘားကျေးရွာ(အ.ထ.က)ကျောင်းရှေ့ လမ်းမပေါ်တွေ့ရှိခဲ့ပြီး သိန်းစိုးဆိုသူ ခန္ဓာကိုယ်တွင် လက်ဖြင့် ကုတ်ခြစ်ထားသော ဒဏ်ရာများတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သိန်းစိုးဆိုသူ၏ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာတွင်လည်း သေဆုံးသူမိန်းကလေးနှင့် အတူသွားလာစဉ် ဝတ်ဆင်ခဲ့သည့် အင်္ကျီနှင့် ပုဆိုးကို သွေးများစွန်းပေလျက်တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သိန်းစိုးဆိုသူကို မိန်းကလေးငယ် သေဆုံးမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။